လန်ဒန် ဒီဇင်ဘာ ၃ - ပြည်သူလူထုထံမှ ယုံကြည်လက်ခံမှု ရရှိစေရန်အတွက် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် COVID-19 ကာကွယ်ဆေး ထိုးနှံခံနေသည့် မြင်ကွင်းအား နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသသွားဖွယ်ရှိ ကြောင်း ၎င်း၏ပြန်ကြားရေးအရာရှိက ဒီဇင်ဘာ ၂ ရက်နေ့၌ ပြောဆိုခဲ့သည်။
အသက် ၅၆ နှစ်အရွယ်ရှိပြီဖြစ်သော ဝန်ကြီးချုပ်ဂျွန်ဆင်သည် COVID-19 ရောဂါ ကူးစက်ခံခဲ့ရသူဖြစ်ပြီး အထူးကြပ်မတ်ကုသဆောင်တွင် သုံးညတာ အိပ်စက်ခဲ့ရသူဖြစ်သည်။ လက်ရှိတွင်မူ အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer မှထုတ်လုပ်သော ကာကွယ်ဆေးအား ဗြိတိန်ကျန်းမာရေးအာဏာပိုင်များက ခွင့်ပြုပေးခြင်းအပေါ် ဝန်ကြီးချုပ်က ချီးမွမ်းခဲ့သည်။
သို့သော် အခြားသောနိုင်ငံခေါင်းဆောင်များကဲ့သို့ ကာကွယ်ဆေးအား အလျင်စလို ထိုးနှံခံမည်မဟုတ်ကြောင်းလည်းသိရပြီး အန္တရာယ်နှင့် အမှန်တကယ် ထိတွေ့ရင်ဆိုင်နေရသူများကို ဦးစားပေးမည်ဖြစ်ကြောင်း သိရ သည်။ သို့ရာတွင် ကာကွယ်ဆေးသည် ဘေးကင်းလုံခြုံပြီး ထိရောက်မှုရှိကြောင်းကို ဗြိတိန်ပြည်သူများအား သက်သေပြလိုသည့်အတွက် ဝန်ကြီးချုပ်က သရုပ်ပြလိုသည့် ဆန္ဒမျိုးလည်းရှိနေကြောင်း သိရသည်။
ထို့ကြောင့် ဝန်ကြီးချုပ်အနေဖြင့် နိုင်ငံပိုင်ရုပ်သံတွင် ကာကွယ်ဆေးထိုးနှံခံသည့်မြင်ကွင်းကို တိုက်ရိုက်ပြသလိုသည့်ဆန္ဒမျိုးရှိသလောဟု မေးမြန်းခြင်းမပြုရသေးသော်လည်း တောင်းဆိုလာပါက ငြင်းဆန်လိမ့်မည် မဟုတ် ကြောင်း ပြန်ကြားရေးအရာရှိဖြစ်သူ အလက်ဂရာစထရက်တန်က ပြောကြားခဲ့သည်။
‘‘ဒီကိစ္စကို သူ့အနေနဲ့ ငြင်းလိမ့်မယ်လို့တော့ ကျွန်မမထင်ဘူး။ ဒါပေမဲ့ တကယ်ကို အန္တရာယ်နဲ့ ထိတွေ့ရင်ဆိုင်နေရတဲ့သူတွေကိုကျော်ပြီး ကာကွယ်ဆေးကို သူ့အနေနဲ့ အလျင်စလို ထိုးချင်တဲ့ဆန္ဒမျိုး ရှိမှာမဟုတ်ဘူးလို့ ကျွန်မထင်တယ်။ ရှင်းရှင်းပြောရရင် အတိမ်းအစောင်းမခံနိုင်တဲ့ သူတွေကသာ သူ့အရင်ထိုးသင့်တာပါ’’ ဟု အလက်ဂရာစထရက်တန်က ပြောကြားခဲ့သည်။

















