ဝါရှင်တန် ဒီဇင်ဘာ ၃ - လာမည့် ဖေဖော်ဝါရီလအကုန်တွင် အမေရိကန်ပြည်သူ သန်း ၁၀၀ ခန့်အား COVID-19 ကာကွယ်ဆေး ထိုးနှံပြီးစီးရန် မျှော်လင့်ထားကြောင်း အစိုးရအဖွဲ့ ထိပ်တန်းအရာရှိတစ်ဦးက ဒီဇင်ဘာ ၂ ရက်၌ ပြောကြားခဲ့ပြီး ယင်းအရေအတွက်သည် အမေရိကန်ပြည်ထောင်စု လူဦးရေ၏ ၄၀ ရာခိုင်နှုန်းရှိနေကြောင်း သိရသည်။
Pfizer-BioNTech မှ ထုတ်လုပ်သော ကာကွယ်ဆေးအား FDA ၏ ခွင့်ပြုချက်ရသည်နှင့်တစ်ပြိုင်နက် အမေရိကန်တွင် COVID-19 ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ရန်စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။ ကာကွယ်ဆေးထိုးနှံသူတစ်ဦးသည် နှစ်ကြိမ်အထိုးခံရန် လိုအပ်မည်ဖြစ်ပြီး သုံးပတ်ခြား၍ တစ်ကြိမ်စီထိုးရမည်ဖြစ်ကြောင်း သိရသည်။
‘‘ဒီဇင်ဘာ အလယ်ပိုင်းလောက်ကစပြီး ဖေဖော်ဝါရီအကုန်ပိုင်းလောက်အထိဆိုရင် လူဦးရေသန်း ၁၀၀ လောက်ကို ကာကွယ်ဆေးထိုးပြီးနိုင်ဖို့ အလားအလာရှိနေပါတယ်’’ ဟု အစိုးရအဖွဲ့၏ သိပ္ပံပညာဆိုင်ရာအကြံပေး မွန်ဆက်ဖ်ဆလာဝီက ပြောကြားခဲ့သည်။ ထို့အပြင် သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် COVID-19 တိုက်ဖျက်ရေးအတွက် ရှေ့တန်းမှပါဝင်ဆောင်ရွက်နေသူများကို ဦးစားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဒီဇင်ဘာလအတွင်း လူဦးရေ သုံးသန်းအား ကာကွယ်ဆေးထိုးပေးရန် လျာထားချက်အတွက် လုံလောက်သော COVID-19 ကာကွယ်ဆေးအရေအတွက်လည်း ရရှိထားပြီးဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့ ဝင်တစ်ဦးကလည်း ပြောကြားခဲ့သည်။ ရှေးဦးစွာဖြင့် COVID-19 ကပ်ရောဂါအား ရှေ့တန်းမှ တိုက်ပွဲဝင်နေရသည့် ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းများကို ဦးစားပေးထိုးနှံမည်ဖြစ်ကြောင်း သိရသည်။

















