နစ်နာမှုရှိသော အလုပ်သမားများကို ကူညီပံ့ပိုးပေးသွားမည်ဟု ဂျိုးဘိုင်ဒင် ကတိပြု

နစ်နာမှုရှိသော အလုပ်သမားများကို ကူညီပံ့ပိုးပေးသွားမည်ဟု ဂျိုးဘိုင်ဒင် ကတိပြု

ဝါရှင်တန် ဒီဇင်ဘာ ၃ - COVID-19 ကပ်ရောဂါကြောင့် ထိခိုက်နစ်နာမှုများ ရှိခဲ့ကြသည့် အလုပ်သမားများကို ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က ဒီဇင်ဘာ ၂ ရက်တွင် ကတိပေးပြောဆိုခဲ့သည်။

လာမည့် ဇန်နဝါရီလ ၂၀ ရက်တွင် တရားဝင် အာဏာလွှဲပြောင်းရယူပြီးနောက် ဘိုင်ဒင်သည် လက်ရှိကြုံတွေ့နေရသည့် ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းများကို လျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ရန်အတွက် လျာထားခဲ့ပြီးဖြစ်သည်။ ထို့ပြင် အာဏာလွှဲပြောင်း မရယူမီကာလ၌ပင် အလုပ်သမားများနှင့် စီးပွားရေးလုပ်ငန်းရှင်များကို လွှတ်တော်၏ ခွင့်ပြုချက်ဖြင့် အရေးပေါ်အကူအညီများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ငွေကြိုထုတ်ပေးမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

COVID-19 ကပ်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်သွားခဲ့ကြရသည့် အလုပ်သမားများနှင့် ပိတ်သိမ်းထားခဲ့ရသော စီးပွားရေးလုပ်ငန်းရှင်များအတွက် အရေးပေါ်အကူအညီများ ထောက်ပံ့ပေးနိုင်ရန်အတွက် လွှတ်တော်ရှိ ရီပတ်ဗလီကန်အမတ်များနှင့် ဒီမိုကရက်တစ်အမတ်များမှာ တစ်လကြာ ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ခဲ့ကြသည်။

လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော အကျပ်အတည်းများအား လာမည့်လွှတ်တော်တွင် အဆိုတင်သွင်းရန်အတွက် ၎င်း၏ အာဏာလွှဲပြောင်းလက်ခံရေးအဖွဲ့က ဆောင်ရွက်နေပြီဖြစ်ကြောင်း ဘိုင်ဒင်က ပြောကြားခဲ့သည်။