မြဝတီမြို့၌ လူကုန်ကူးမှု အသိပညာပေးစာစောင်များ လိုက်လံဝေငှ

မြဝတီမြို့၌ လူကုန်ကူးမှု အသိပညာပေးစာစောင်များ လိုက်လံဝေငှ

မြဝတီမြို့ရှိ လူစည်ကားရာနေရာများနှင့် ဘုရင့်နောင်ဈေးကြီးအတွင်း ဒီဇင်ဘာ ၃ ရက် နံနက် ၈ နာရီအချိန်က ကိုဗစ်ကာလ အလုပ်အကိုင်များ ကျပ်တည်းနေချိန် လူကုန်ကူးမှုမခံရအောင် မြဝတီလူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ အသိပညာပေး လက်ကမ်းစာစောင်များ လိုက်လံဝေငှကာ အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

''ကျွန်တော်တို့အနေနဲ့ ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် ထိန်းချုပ်ရေးကာလမှာ အခြေခံလူတန်းစားတွေအနေနဲ့ အလုပ်အကိုင်ကျပ်တည်းမှုတွေ ရှိနေကြတာနဲ့အတူ တစ်ချို့လူပွဲစားတွေက တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာ အလုပ်အကိုင်တွေရမယ်၊ လစာကောင်းကောင်းရမယ်ဆိုပြီး မက်လုံးတွေအမျိုးမျိုးပေး လိမ်လည်ပြီး တရားမဝင်လမ်းတွေကနေ ခေါ်ဆောင်သွားကြတဲ့ လူကုန်ကူးမှုတွေဖြစ်ပေါ်နေပါတယ်။ အဲလိုရှိနေကြလို့လည်း ပွဲစားတွေရဲ့စကားကိုယုံကြည်ပြီး လိုက်သွားတဲ့သူတွေဟာ တစ်ဖက်နိုင်ငံတွေမှာ အဖမ်းခံရမှုတွေကြုံရပြီးအရေးယူခံကြရတာတွေရှိ နေကြပါတယ်။ ဒါကြောင့် ကိုဗစ်ကာလမှာ အလုပ်အကိုင်ကျပ်တည်းမှုတွေကို အခွင့်ကောင်းယူပြီး လူပွဲစားတွေက လူကုန်ကူးမှုတွေပြုလုပ်နေကြတာကြောင့် လူကုန်ကူးမှုတွေမခံရအောင် အခုလို လက်ကမ်းစာစောင်တွေလိုက်လံဝေငှပေးပြီး အသိပညာပေးမှုတွေ ဆောင်ရွက်တာဖြစ်ပါတယ်''ဟု မြဝတီမြို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့(မြဝတီတပ်ဖွဲ့စိတ်မှူး)ဒုရဲမှူးရဲနေဝင်းအောင်က ပြောသည်။

မြဝတီမြို့သည် ထိုင်းနိုင်ငံနှင့် သောင်ရင်းမြစ်သာခြားပြီး ကူးသန်းသွားလာမှုလွယ်ကူသည့်အတွက် ကိုဗစ်ကာလ၌ လုပ်ငန်းကိုင်ငန်းများ ကျပ်တည်းနေမှုကိုအခွင့်ကောင်းယူပြီး လူမှောင်ခိုလူပွဲစားများ၏ပို့ဆောင်ပေးမှုများကြောင့် ထိုင်းနိုင်ငံသို့တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်ကြသည့် မြန်မာနိုင်ငံသားအလုပ်သမားများမှာ ထောင်နှင့်ချီ၍ အဖမ်းခံရကာ အရေးယူခံထားရမှုများရှိနေကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး