ယခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တာမွေမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ရွေးကောက်ခံကိုယ်စားလှယ် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ရွေးကောက်ပွဲကုန်ကျစရိတ် ကျပ်သိန်း ၃၀ ဝန်းကျင်အား ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်း၌ ရန်ကုန်အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ လာရောက်တင်သွင်းခဲ့သည်။
“လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ယောက်အနေနဲ့ တင်ရမယ့် အလုပ်ကိစ္စအတွက်ပဲ လာရောက်တင်သွင်းခြင်းပဲ ဖြစ်ပါတယ်။ ပုံစံ ၂၀ မှာ ပါတဲ့အကြောင်းအရာက နည်းဥပဒေမှာ ပါတဲ့အတိုင်းပါပဲ။ ကုန်ကျစရိတ်ကတော့ သိန်း ၁၀၀ သတ်မှတ်ထားတာဆိုတော့ သိန်း ၁၀၀ မကျော်ပါဘူး။ သိန်း ၃၀ ပတ်ဝန်းကျင်ပဲ ရှိပါတယ်။” ဟု အဆိုပါ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမင်းကိုအောင်က ပြောသည်။
နိုဝင်ဘာလ ၈ ရက်တွင် လွှတ်တော်အသီးသီးအတွက် အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ရာ ဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အားလုံးသည် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ၇၇ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ရွေးကောက်တင်မြှောက်ခံရသူ လွှတ်တော်ကိုယ်စားလှယ်၏အမည်ကို ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း ၎င်းတို့အမည် စာရင်းတင်သွင်းခဲ့ကြသည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးသို့ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း ပုံစံ (၂၀)ဖြင့် တင်သွင်းကြရမည် ဖြစ်သည်။
"အတိုင်ပင်ခံက ကိုယ်စားလှယ်ထားတာကြောင့် ဒီနေ့ရန်ကုန်တောင်ပိုင်းခရိုင်ကော်မရှင်ရုံးမှာ ပုံစံ ၂၀ ကိုယ်စားလှယ်က လာတင်သွားပါတယ်။ ရွေးကောက်ပွဲ အသုံးစရိတ်က သိန်း ၁၀၀ အောက်မှာပါပဲ။သိန်း ၅၀ ဝန်းကျင်လို့ပြောရင် ပိုမှန်ပါတယ်။ တခြား ကျန်တဲ့ကိုယ်စားလှယ်တွေ လာသွင်းဖို့လည်း တိုင်းကော်မရှင်ကနေ ဖုန်းတွေဆက်ပေးပြီးနှိုးဆော်ပေးနေပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်မိုးကြည်က ပြောသည်။
ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ၎င်းတို့၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်များသည် ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းကို မတင်သွင်းပါက သက်ဆိုင်ရာရွေးကောက်ပွဲနည်း ဥပဒေ ၈၄ အရ အရည်အချင်း ပျက်ယွင်းသူဟု သတ်မှတ်ကြေညာခြင်းခံရမည်ဖြစ်၍ သတ်မှတ်ရက်အတွင်း အမြန် ဆုံးတင်သွင်းကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၁၀ ရက်တွင် နှိုးဆော်ထားသည်။
ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများပုဒ်မ ၇၇ တွင် ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းမည့် ရွေး ကောက်ခံလွှတ်တော်ကိုယ်စားလှယ်သည် ယင်းစာရင်းများ မှန်ကန်ကြောင်း မြို့နယ်တရားသူကြီးအဆင့်ထက် မနိမ့်သော တရားသူကြီး တစ်ဦးဦး၏ ရှေ့မှောက်၌ ပြုလုပ်သော ကျမ်းကျိန်လွှာကိုလည်း ပူးတွဲတင်သွင်းရမည်ဟု ပြဋ္ဌာန်းထားသည်။
အဆိုပါဥပဒေပုဒ်မ ၇၉(က) တွင် ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းနှင့် ကျမ်းကျိန်လွှာကို ရရှိပြီးနောက် နှစ်ရက်အ တွင်း ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကော်မရှင်အဖွဲ့ခွဲ သို့မဟုတ် ခရိုင်ကော်မရှင်အဖွဲ့ခွဲက အထက်ပါပုဒ်မ ၇၇ အရ တင်သွင်းသော ရွေးကောက်ပွဲကုန် ကျစရိတ်စာရင်းပုံစံ ၂၀ မိတ္တူတစ်စုံစီကို မိမိရုံးတွင် အများပြည်သူ မြင်နိုင်သည့်နေရာ၌ ကပ်ထားရမည်ဟု ပြဋ္ဌာန်း ထားသည်။
ဆက်လက်၍ ပုဒ်မ ၇၉(ခ)တွင် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို မိတ္တူ ကူးယူလိုပါက စာတစ်မျက်နှာလျှင် တစ်မျက်နှာ ပြည့်သည်ဖြစ်စေ၊ မပြည့်သည်ဖြစ်စေ ငွေကျပ် ၁၀၀၀ ပေးဆောင်ပါက မဲဆန္ဒရှင်မည်သူမဆို ကုန်ကျ စရိတ်စာရင်းမိတ္တူမှန် လျှောက်ထားရယူခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။







