ဘာကူ ဒီဇင်ဘာ ၄ - နာဂေါ်နို-ကရာဘက်ဒေသ စစ်ရေးတင်းမာမှုကြောင့် ၄၄ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့မှုအတွင်း ကျဆုံးခဲ့သည့် စစ်သည်အရေအတွက်မှာ ၂၈၀၀ နီးပါးရှိသည်ဟု အဇာဘိုင်ဂျန်စစ်တပ်က ဒီဇင်ဘာ ၃ ရက်၌ တရားဝင် ထုတ်ပြန်ကြေညာခဲ့ကြောင်း အေပီသတင်းဌာနက ဖော်ပြသည်။
နယ်စပ်ဒေသအငြင်းပွားမှုကြောင့် အာမေးနီးယား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ကျဆုံးခဲ့သည့် စစ်သည်အရေအတွက်ကို အဇာဘိုင်ဂျန်က ပထမဦးဆုံး လူသိရှင်ကြား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ရုရှား၏ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုကြောင့် နာဂေါ်နို-ကရာဘက် ဒေသအရေးအတွက် နိုဝင်ဘာ ၁၀ ရက်တွင် နှစ်နိုင်ငံအကြား ပြေလည်မှုရရှိခဲ့ပြီး ယင်းဒေသတွင် ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသော အာမေးနီးယားမျိုးနွယ်စုများသည် နေရပ်သို့ ပြန်ခဲ့ကြရသည်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျဆုံးခဲ့သည့် စစ်သည်အရေအတွက်မှာ ၂၇၈၃ ဦးရှိပြီး ၁၀၀ ကျော် ပျောက်ဆုံးနေကြောင်း အဇာဘိုင်ဂျန် ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ထို့ပြင် အခြားဒဏ်ရာရ စစ်သည် ၁၂၄၅ ဦးမှာ ဆေးကုသမှု ခံယူနေသည်ဟု ထုတ်ပြန်ထားသည်။

















