တရုတ်သည် အကြီးမားဆုံးအန္တရာယ်ဖြစ်လာပြီဟု အမေရိကန် ထိပ်တန်းအရာရှိတစ်ဦး စွပ်စွဲ

တရုတ်သည် အကြီးမားဆုံးအန္တရာယ်ဖြစ်လာပြီဟု အမေရိကန် ထိပ်တန်းအရာရှိတစ်ဦး စွပ်စွဲ

ဝါရှင်တန် ဒီဇင်ဘာ ၄ - ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့ပြီးနောက် တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံးအတွက် ဒီမိုကရေစီအရေးနှင့် လွပ်လပ်ရေးတို့အတွက် အကြီးမားဆုံးအန္တရာယ်ရှိသည့် နိုင်ငံဖြစ်လာကြောင်း အမေရိကန် အမျိုးသားစုံစမ်း ထောက်လှမ်းရေးဌာန ထိပ်တန်းအရာရှိတစ်ဦးက ဒီဇင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။

ဒုတိယကမ္ဘာစစ်ပြီးနောက် တရုတ်သည် အမေရိကန်ပြည်ထောင်စု၏ ဒီမိုကရေစီအရေးအား အကြီးမားဆုံး ခြိမ်းခြောက်ခဲ့သလို တစ်ကမ္ဘာလုံး၏ ဒီမိုကရေစီအရေးနှင့် လွပ်လပ်ရေးတို့အတွက် အန္တရာယ်အရှိဆုံး နိုင်ငံဖြစ်လာခဲ့ကြောင်း အမေရိကန် အမျိုးသားစုံစမ်းထောက်လှမ်းရေးဌာန ထိပ်တန်းအရာရှိ ဂျွန်ရက်ကလစ်ဖ်က ပြောကြားခဲ့သည်။

‘‘စုံစမ်းထောက်လှမ်းမှုတွေအရ ရှင်းနေတာပါပဲ။ တရုတ်ဟာ အမေရိကန်နဲ့ တစ်ကမ္ဘာလုံးကို စစ်ရေး၊ စီးပွားရေးနဲ့ နည်းပညာအရေးတွေမှာ လွှမ်းမိုးခြယ်လှယ်နိုင်ဖို့ ရည်ရွယ်နေတာပါ။ ဒီကနေ့မှာတော့ အမေရိကအတွက် အကြီးမားဆုံးအန္တရာယ်ဖြစ်နေပါပြီ။ ဒုတိယကမ္ဘာစစ်ကြီး ပြီးကတည်းက တစ်ကမ္ဘာလုံးရဲ့ ဒီမိုကရေစီအရေးနဲ့ လွတ်လပ်ရေးတို့အပေါ် အကြီးမားဆုံးခြိမ်းခြောက်နေပါတယ်’’ ဟု ဂျွန်ရက်ကလစ်ဖ်က ပြောကြားခဲ့သည်။

တရုတ်သည် အမေရိကန်နိုင်ငံမှ ထွက်ရှိသော ဉာဏပစ္စည်းများနှင့် နည်းပညာများကို ခိုးယူခြင်း၊ ကူးယူခြင်းများပြုလုပ်၍ ကမ္ဘာတစ်ဝန်းလုံးရှိ အမေရိကန်ကုမ္ပဏီများ၏ ဈေးကွက်များတွင် ဝင်ရောက်စိုးမိုးနိုင်ရန် ကြိုး စားနေခြင်းဖြစ်ကြောင်း ၎င်းက စွပ်စွဲပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အမေရိကန်မှ နည်းပညာနှင့် ဉာဏပစ္စည်းများကို ခိုးယူနေသည်ဟု စွပ်စွဲခြင်းသည် လူကြား၍မျှ မသင့်တော်သည့် ပြောဆိုမှုဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချန်းယင်က တုံ့ပြန်ခဲ့သည်။ တရုတ်သည် အမေရိကန်ပြည်ထောင်စုပြီးလျှင် ကမ္ဘာပေါ်၌ ဒုတိယ စီးပွားရေးအင်အား အကြီးမားဆုံးနိုင်ငံဖြစ်သည်။