COVID-19 ကြောင့် ကမ္ဘာပေါ်တွင် သေဆုံးသူ ၁ ဒသမ ၅ သန်းပြည့်မြောက်ခဲ့ပြီ

COVID-19 ကြောင့် ကမ္ဘာပေါ်တွင် သေဆုံးသူ ၁ ဒသမ ၅ သန်းပြည့်မြောက်ခဲ့ပြီ

ဂျနီဗာ ဒီဇင်ဘာ ၄ - ဒီဇင်ဘာ ၃ ရက်တွင် ကမ္ဘာပေါ်၌ COVID-19 ကြောင့် သေဆုံးသူ ၁ ဒသမ ၅ သန်း ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းစ်တက္ကသိုလ်မှ ထုတ်ပြန်သော စာရင်းအင်းများအရ သိရသည်။

လက်ရှိတွင် အမေရိကန်နှင့် ဥရောပနိုင်ငံအများစုသည် ကာကွယ်ဆေး ဖြန့်ချိရေးလုပ်ငန်းစဉ်များအတွက် အစီအစဉ်များ ရေးဆွဲဆောင်ရွက်နေပြီး ဇန်နဝါရီလအစောပိုင်း၌ ကူးသန်းသွားလာမှု ပိတ်ပင်ချက်များကို ဖြေလျှော့ပေးရန် ကြိုးစားနေပြီဖြစ်သည်။

အမေရိကန်ပြည်ထောင်စု ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်ကမူ အာဏာကို တရားဝင်လွှဲပြောင်းရယူသည့် ပထမဆုံးနေ့၌ COVID-19 ကူးစက်မှုများကို လျှော့ချရန်အတွက် ပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်ရေး ရက် ၁၀၀ စီမံချက်အား တောင်းဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

‘‘ကျွန်တော်ကတော့ ပြည်သူတွေကို နှာခေါင်းစည်း ရက် ၁၀၀ စီမံချက်အတွက် တောင်းဆိုသွားပါမယ်။ ရက် ၁၀၀ တည်းပါဗျာ။ တစ်သက်လုံး မဟုတ်ပါဘူး’’ ဟု ဂျိုးဘိုင်ဒင်က ဒီဇင်ဘာ ၃ ရက်၌ ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုတွင် ဒီဇင်ဘာ ၃ ရက်၌ COVID-19 တစ်ရက်အတွင်း ကူးစက်သူသစ် ၂၁၀၀၀၀ ကျော်ရှိပြီး စံချိန်တင်အရေအတွက်ဖြစ်ခဲ့ကာ သေဆုံးသူမှာ ၂၉၀၀ ကျော်ရှိကြောင်း ဂျွန်ဟော့ကင်းစ်တက္ကသိုလ်မှ ထုတ်ပြန်သော စာရင်းအင်းများအရ သိရသည်။

အီရန်အပါအဝင် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများတွင် COVID-19 ကူးစက်သူဦးရေ ၁ သန်း ကျော်လွန်ခဲ့ပြီဖြစ်ကြောင်း သိရသည်။