ဝါရှင်တန် ဒီဇင်ဘာ ၄ - ကုလသမဂ္ဂလက်အောက်ခံနိုင်ငံများတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ ချမှတ်ထားသော COVID-19 ဆိုင်ရာ စည်းမျဉ်းကန့်သတ်ချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိသည့် နိုင်ငံများရှိခဲ့ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်ထော်နီယိုဂူတာရက်စ်က ဒီဇင်ဘာ ၃ ရက်၌ ပြောကြားခဲ့သည်။
သို့သော် အတွင်းရေးမှူးချုပ်သည် နိုင်ငံများ၏အမည်ကို အတိအလင်း ပြောဆိုခဲ့ခြင်းမရှိပေ။
လွန်ခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ ဈေးတစ်ခုအတွင်းမှ စတင်ပေါ်ပေါက်လာခဲ့သော COVID-19 ရောဂါကြောင့် ကမ္ဘာပေါ်တွင် သေဆုံးသူဦးရေ ၁ ဒသမ ၅ သန်း ပြည့်မြောက်ခဲ့ပြီဖြစ်ကာ ကူးစက်သူ ၆၅ သန်းနီးပါး ရှိလာပြီဖြစ်သည်။
COVID-19 ကပ်ရောဂါနှင့်ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေအစည်းအဝေးတွင် အတွင်းရေးမှူးချုပ်က ပြောကြားရာ၌ ‘‘ကပ်ရောဂါကြီး စတင်ချိန်ကတည်းကစပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ မှန်ကန်တိကျတဲ့ အချက်အလက်တွေနဲ့ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သင့်တဲ့ သိပ္ပံနည်းကျအချက်အလက်တွေကို ထုတ်ပြန်ပေးထားခဲ့ပါတယ်။ ကံဆိုးတာကတော့ ဒီထုတ်ပြန်ချက်တွေကို အများစုက မလိုက်နာခဲ့ကြပါဘူး။ တချို့ဆိုရင် ဒီထုတ်ပြန်ချက်တွေကို ပယ်ချပစ်တာမျိုးတောင် ရှိပါတယ်။ စည်းမျဉ်းစည်းကမ်းတွေကိုလည်း လျစ်လျူရှုခဲ့ကြတယ်။ တိုင်းပြည်တစ်ခုက ကိုယ်လိုချင်သလို ဦးတည်သွားတဲ့အခါ ဗိုင်းရပ်စ်ကလည်း သူ့ရဲ့ ဦးတည်ချက်တွေအားလုံးအတိုင်း ဆက်သွားတော့တာပါပဲ’’ ဟု ပြောကြားခဲ့သည်။
COVID-19 ကပ်ရောဂါနှင့်ပတ်သက်ပြီး မှန်ကန်သော သတင်းအချက်အလက်များကို ထုတ်ပြန်ရာတွင် WHO သည် တရုတ်၏သြဇာကိုခံယူကာ အချိန်ဆွဲနေခဲ့ခြင်းကြောင့် လူ့အသက်ပေါင်းများစွာ သေကြေပျက်စီးခဲ့ကြရပြီး WHO ကိုလည်း တရုတ်ဗဟိုပြုအဖွဲ့ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြစ်တင်ပြောဆိုခဲ့သည်။ ထို့ပြင် ယခုနှစ်အတွက် WHO အား ထောက်ပံ့ပေးနေသော ရန်ပုံငွေကိုလည်း ဖြတ်တောက်ပစ်ခဲ့သည်။
သို့သော် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်ကမူ WHO အတွက် ရန်ပုံငွေဖြတ်တောက်သည့်လုပ်ရပ်အား ၎င်းတာဝန်ယူချိန်တွင် ပယ်ဖျက်ပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။
အမေရိကန်သည် WHO အတွက် ရန်ပုံငွေ တစ်နှစ်လျှင် ဒေါ်လာသန်း ၅၀၀ ထည့်ဝင်ပေးနေသည့် နိုင်ငံဖြစ်ပြီး တစ်ရုတ်နိုင်ငံမှာမူ တစ်နှစ်လျှင် ဒေါ်လာ သန်း ၄၀ သာ ထည့်ဝင်သည့် နိုင်ငံဖြစ်ကြောင်း ရိုက်တာသတင်းဌာနက လွန်ခဲ့သည့် မတ်လတွင် ရေးသားဖော်ပြခဲ့သည်။

















