ဝါရှင်တန် ဒီဇင်ဘာ ၄ - နိုဝင်ဘာ ၃ ရက် အမေရိကန်ရွေးကောက်ပွဲရလဒ်အပေါ် တရားဥပဒေကြောင်းအရ ရင်ဆိုင်ရန်အတွက် ဒေါ်နယ်ထရမ့်အောင်နိုင်ရေးအဖွဲ့နှင့် ရီပတ်ဗလီကန်အမျိုးသားကော်မတီတို့ သုံးစွဲခဲ့သည့် ရန်ပုံငွေမှာ ရွေးကောက်ပွဲအလွန်ကာလတွင် ဒေါ်လာ ၂၀၇ ဒသမ ၅ သန်းခန့်ရှိကြောင်း ဒီဇင်ဘာ ၃ ရက် ထုတ်ပြန်ကြေညာချက်တစ်ရပ်အရ သိရသည်။
ရွေးကောက်ပွဲမတိုင်ခင်နှင့် ရွေးကောက်ပွဲအလွန်ကာလ ရန်ပုံငွေနှစ်ရပ်ပေါင်းအရ အောက်တိုဘာ ၁၅ မှ နိုဝင်ဘာ ၂၃ ရက်အထိ သုံးစွဲငွေသည် ဒေါ်လာ ၄၉၅ သန်းရှိကြောင်း ထရမ့်အောင်နိုင်ရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။
ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်၏ အောင်နိုင်ရေးအဖွဲ့မှာမူ ယင်းကာလအပိုင်းအခြားအတွင်း၌ ဒေါ်လာ ၁၁၂ သန်းသာ သုံးစွဲခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၃ ရက်၌ ထုတ်ပြန်ခဲ့သည်။
လက်ရှိသမ္မတ ထရမ့်သည် ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိနေကြောင်းကို ရှင်းလင်းစွာမြင်တွေ့နိုင်ရန်အတွက် ရန်ပုံငွေများ တိုးမြှင့်သုံးစွဲခဲ့ခြင်းဖြစ်ကြောင်း ထရမ့်အောင်နိုင်ရေးအဖွဲ့တာဝန်ခံ ဘီလ်စတက်ပီယန်က ပြောကြားခဲ့သည်။ သို့သော် လက်ရှိအချိန်အထိ ကြီးမားသည့် မဲမသမာမှု အထောက်အထားမျိုး ပြသနိုင်ခဲ့ခြင်း မရှိပေ။

















