၂၀၂၀ ရွေးကောက်ပွဲ၌ ရန်ကုန်တောင်ပိုင်းခရိုင် ၁ဝ မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော လွှတ်တော်ကိုယ်စားလှယ် ၁၅၈ ဉီးအနက် ၇ဝ ဝန်းကျင်က ရွေးကောက်ပွဲ ကုန်ကျ စရိတ် လာရောက်တင်သွင်းထားပြီး ၈ဝ ကျော် ကျန်ရှိနေသေးကြောင်း တောင်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဋ္ဌ ဉီးသိန်းလှိုင်ကပြောသည်။
တောင်ပိုင်းခရိုင်တွင် လူသိများသော ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ယှဉ်ပြိုင်သည့် နိုင်ငံတောင်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည့် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဉက္ကဋ္ဌ ဉီးခင်ရီ အပါအဝင် ကိုကိုးကျွန်းမြို့နယ် အနိုင်ရ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ် (ငြိမ်း) ဉီးအောင်သော် တို့၏ကုန်ကျ စရိတ်များ တင်သွင်းထားပြီးဖြစ်ကြောင်း ဉီးသိန်းလှိုင်က ပြောသည်။
“တောင်ပိုင်းခရိုင်တစ်ခုလုံးမှာ ကိုယ်စားလှယ် ၁၅၈ ဉီးရှိတဲ့ထဲမှာ ၇ဝ ဝန်းကျင်လောက်ကတော့ အသုံးစရိတ် တင်သွင်းပြီးပြီ။ ၁၂ရက်အပြီး တင်သွင်းရမယ်ဆိုပေမယ့် ၁၂ရက်က စနေ ရုံးပိတ်ရက်ဖြစ်နေလို့ ၁၁ ရက်မှာ အပြီးသတ် တင်သွင်းရမှာပါ”ဟု ဉီးသိန်းလှိုင်က ပြောသည်။
လာရောက် တင်သွင်းပြီးသော ကိုယ်စားလှယ် ၇ဝ ဝန်းကျင်တွင် အများစု၏ ကုန်ကျ စရိတ်မှာ ကျပ်သိန်း ၃ဝ ဝန်းကျင် သာရှိပြီး ဉီးခင်ရီနှင့် ဉီးအောင်သော်တို့က ကုန်ကျ စရိတ်မှာ ကျပ်သိန်း ၇ဝ ဝန်းကျင် ဖြင့် လက်ရှိတင်သွင်းထားသော ကိုယ်စားလှယ်အားလုံးတွင် အမြင့်ဆုံးဖြစ်ကြောင်း တောင်းပိုင်းခရိုင် စာရင်းများ အရ သိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကုန်ကျ စရိတ်မှာ ကျပ်သိန်း ၅ဝ ဝန်းကျင်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
ကိုဗစ်ကာအတွင်း ရောဂါထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများကြောင့် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ပြုလုပ်နိုင်ခြင်း မရှိသော်လည်း အောင်နိုင်ရေး ဆိုင်းဘုတ်ထပ်ဆင်ခြင်းများ ယခင်ထက် ပိုမိုလုပ်ကိုင်ကြသဖြင့် ထိုအပိုင်းတွင် ကုန်ကျငွေအများဆုံးဖြစ်ကြောင်ခရိုင်ကော်မရှင် ဉက္ကဋ္ဌကပြောသည်။
“ကိုဗစ် စည်းကမ်းတွေကြောင်း နိုင်ငံရေးပါတီအများစုက အရင်လို မဲဆွယ်တာ မလုပ်ရဘူးဆိုပေမယ့် ကုန်ကျစရိတ်တင်တဲ့ထဲမှာ ကြော်ငြာဆိုင်းဘုတ်တွေထောင်တာကတော့ အများဆုံးတွေ့ရပါတယ်”ဟု ဉီးသိန်းလှိုင်က ပြောသည်။
ထို့အပြင် မဲရုံကိုယ်စားလှယ်များ ခန့်ထားခြင်းနှင့် လက်ကမ်း စာစောင်များဖြန့်ချိခြင်းမှာ ယခင်ရွေးကောက်ပွဲများ နည်းတူ ကုန်ကျခဲ့သည်ဟု လွှတ်တော်ကိုယ်စားလှယ်များကပြောသည်။
ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင်တွင် ၁ဝဝကျော် ၊ အနောက်ပိုင်းခရိုင် ၈၂ ဉီးနှင့် မြောက်ပိုင်းခရိုင် ၉၂ဉီးတို့က ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျ စရိတ်များအား သက်ဆိုင်ရာ ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် တင်သွင်း ထားသည်။ ကုန်ကျ စရိတ် တင်ရမည့်နောက်ဆုံးရက်မှာ ရုံးပိတ်ရက်နှင့် တိုက်နေသောကြောင့် ပြီးပြတ်ခြင်းမရှိပါက ရုံးပိတ်ရက်တွင် ဆောင်ရွက်ပေးမည်ဟု မြောက်ပိုင်းခရိုင်အတွင်းရေးမှူး ဉီးမောင်မောင်တင် ကပြောသည်။
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကိုယ်စားလှယ်အားလုံး ဒီဇင်ဘာ ၁၃ ရက် နောက်ဆုံးထားပြီး ရွေးကောက်ပွဲ ကုန်ကျ စရိတ်တင်သွင်းရန် ညွှန်ကြားထားသည်။
ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ၎င်းတို့၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်များအနေဖြင့် ရွေးကောက်ပွဲ ကုန်ကျ စရိတ်စာရင်းများကို သတ်မှတ်ရက်အတွင်း တင်သွင်းရန်နှင့် တင်သွင်းခြင်းမပြုပါက သက်ဆိုင်ရာ ရွေးကောက်ပွဲ နည်းဉပဒေပုဒ်မ ၈၄ အရ အရည်အချင်း ပျက်ယွင်းသူဟု သတ်မှတ်ကြေညာခြင်းခံရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ၂၅ ရက်တွင် ကြေညာထားသည်။

















