မန္တလေးတိုင်းဒေသကြီး သာစည်မြို့ ထိန်ကန်ရပ်ကွက် အမှတ်(၄)နယ်မြေ ဒေါ်အေးချိုကွင်းတွင် ၂၀၂၀ ဒီဇင်ဘာ ၅ ရက် နံက် ၉ နာရီအချိန်ခန့်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား စံ(၅)ချက် ကိုက်ညီမှုမရှိ၍ ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ခဲ့သည်။
၂၀၂၀ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် စံ(၅)ချက်နှင့် ကိုက်ညီမှုမရှိခြင်း၊ ကြိုတင်မဲ ရက်ရှည်ပေးခွင့်ပြုခြင်း၊ ကြိုတင်မဲပေးတဲ့သူများ၏ လက်သန်းအား မှင်မတို့ခိုင်းခြင်း၊ ကြိုတင်မဲပုံးများသိမ်းဆည်းရာတွင် ပါတီစုံမှ လိုက်ပါခွင့်မရှိခြင်း၊ မဲရလဒ်များနှင့်ပတ်သက်၍ တာဝန်ယူမှုတာဝန်ခံမှုမရှိခြင်းတို့ကြောင့် မဲမသာမှုများဖြစ်ခဲ့နိုင်ကြောင်း ဆန္ဒဖော်ထုတ်ပွဲတွင် ဟောပြောသူ ဦးဝင်းမောင်မှ ရှင်းလင်းပြောကြားခဲ့သည်။
" ပြိုင်ပွဲတစ်ခုမှာ ရှုံးသည်နိုင်သည်ကတော့ရှိမှာပဲလေ ရိုးသားမှုနဲ့ ရှုံးတာကို ကျေကျေနပ်နပ်လက်ခံနိုင်တယ် မရိုးမသား ရှုံးနိမ့်တာကို လက်မခံနိုင်တဲ့အတွက် အခုလိုဆန္ဒဖော်ထုတ်ရခြင်းဖြစ်ပါတယ်" ဟု ဆန္ဒဖော်ထုတ်ပွဲစီစဉ်သူ ဦးမောင်မောင်မှပြောကြားခဲ့သည်။
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို COVID-19 ရောဂါ ကူးစက်မှုမရှိစေရန်အတွက် ဆန္ဒဖော်ထုတ်သူများအား ကျန်းမာရေးဆရာမများမှ ကိုယ်ပူချိန်တိုင်းပေးခြင်း လက်သန့်ဆေးရည်များဖြန်းပေးခြင်းများပြုလုပ်ခဲ့ပြီး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အင်အား (၂၇)ဦးဖြင့်ပြုလုပ်ခဲ့သည်။ ဆန္ဒဖော်ထုတ်ပွဲအား စိတ်ပါဝင်စားသူ (၅၀)ဦးခန့် လာရောက်ကြည့်ရှု့ခဲ့ကြောင်းသိရသည်။
















