ကျောက်မီးသွေးတွင်းပြိုကျမှုကြောင့် တရုတ်တွင် လူ ၁၈ ဦးသေဆုံး

ကျောက်မီးသွေးတွင်းပြိုကျမှုကြောင့် တရုတ်တွင် လူ ၁၈ ဦးသေဆုံး

ပေကျင်း ဒီဇင်ဘာ ၅ - တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကျင်းမြို့ရှိ ကျောက်မီးသွေးတွင်း ပြိုကျမှုကြောင့် သေဆုံးသူ ၁၈ ဦးခန့်ရှိခဲ့ကြောင်း ရိုက်တာသတင်းဌာန၏ ဒီဇင်ဘာ ၅ ရက် ဖော်ပြချက်အရ သိရသည်။

ဒီဇင်ဘာ ၄ ရက်၌ ဖြစ်ပွားခဲ့သည့် ကျောက်မီးသွေးတွင်း ပြိုကျမှုဖြစ်စဉ်တွင် မိုင်းတွင်းထဲ၌ရှိနေသူ ၂၄ ဦးမှာ ထောင်ချောက်ထဲတွင် ပိတ်မိသလိုဖြစ်နေခဲ့ပြီး အောက်စီဂျင်ပြတ်လတ်မှုပြဿနာကြောင့် အသက်ရှူကျပ်ကာ သေဆုံးခဲ့သူ ၁၈ ဦးရှိခဲ့ကြောင်း ရိုက်တာကဖော်ပြခဲ့ပြီး လက်ရှိတွင် ရှာဖွေကယ်ဆယ်မှုများကို ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။ ကယ်ဆယ်ဆောင်ရွက်မှုများ လုပ်ဆောင်နေစဉ်အတွင်း အသက်ရှင်လျက် လွတ်မြောက်လာသူတစ်ဦးလည်းရှိခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားခဲ့သော မိုင်းတွင်းအား လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီသည် မြေအောက်လုပ်ငန်းဆောင်ရွက်မှုများကို လွန်ခဲ့သည့် နှစ်လကတည်းက ဖျက်သိမ်းလိုက်ပြီဖြစ်ခြင်းကြောင့် လက်ရှိဖြစ်စဉ်နှင့်ပတ်သက်ပြီး သက် ဆိုင်ရာက စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေသည်။

လွန်ခဲ့သော စက်တင်ဘာလတွင်လည်း ချုံကျင်းရှိ ကျောက်မီးသွေးမိုင်းတွင်းတစ်ခုတွင် ပြိုကျမှုဖြစ်ပွားခဲ့ပြီးနောက်အလားတူဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ပြီး လူ ၁၆ ဦး သေဆုံးခဲ့ရသည်။ တရုတ်နိုင်ငံ၏ ကျောက်မီးသွေးမိုင်းတွင်းများသည် ကမ္ဘာပေါ်တွင် လူသေမှုနှုန်းအမြင့်ဆုံးစာရင်းထဲ၌ ပါဝင်နေသည်။

ယခုပြိုကျခဲ့သော ကျောက်မီးသွေးမိုင်းတွင်းအား ၁၉၇၅ ခုနှစ်မှ ၁၉၉၈ ခုနှစ်အတွင်း တည်ဆောက်ခဲ့ပြီး တစ်နှစ်လျှင် ကျောက်မီးသွေးတန်ချိန်ပေါင်း ၁၂၀၀၀၀ ထုတ်ယူသုံးစွဲခဲ့ကြောင်း သိရသည်။ ၂၀၁၃ ခုနှစ်တွင် ကျောက်မီးသွေးတွင်းတစ်ခု၌ ဓာတုအဆိပ်သင့်မှုကြောင့် သုံးဦးသေဆုံးခဲ့ပြီး နှစ်ဦးမှာ ပြင်းထန်သောဒဏ်ရာများ ရရှိခဲ့ကြကြောင်း သိရသည်။