ဝါရှင်တန် ဒီဇင်ဘာ ၅ - အမေရိကန် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်၏ ဆေးဘက်ဆိုင်ရာ အကြံပေးရာထူးအား ကမ်းလှမ်းမှုကို ၎င်းအနေဖြင့် လက်ခံလိုက်ပြီဖြစ်ကြောင်း ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဒေါက်တာအန်ထော်နီဖောက်ချီက ဒီဇင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။
‘‘ဟုတ်ပါတယ်။ အဲဒီရာထူးအတွက် ကျွန်တော် လုပ်မယ်လို့ပြောခဲ့ပါတယ်’’ ဟု အင်တာဗျူးတစ်ခုတွင် ဒေါက်တာဖောက်ချီက ပြောကြားခဲ့သည်။ ထို့ကြောင့် ဒေါက်တာဖောက်ချီသည် ဂျိုးဘိုင်ဒင်အစိုးရသစ်လက် ထက်တွင် ဆေးဘက်ဆိုင်ရာအကြံပေးဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်သလို COVID-19 ကပ်ရောဂါဆိုင်ရာ တုံ့ပြန်ရေးကော်မတီ၏ အကြီးအကဲတစ်ဦးအဖြစ်လည်း တာဝန်ယူနိုင်ဖွယ်ရှိကြောင်း သိရသည်။
‘‘သမ္မတအဆက်ဆက်မှာ သူတာဝန်ထမ်းဆောင်ခဲ့တဲ့ ဆောင်ရွက်ချက်တွေအရ သူ့အတွက် အသင့်တော်ဆုံးနေရာကို ကျွန်တော်က ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်’’ ဟု ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က ဒီဇင်ဘာ ၃ ရက် နေ့တွင် ပြောဆိုခဲ့ပြီးဖြစ်သည်။
ဒေါက်တာဖောက်ချီသည် အမေရိကန်ပြည်ထောင်စုတွင် ၁၉၈၄ ခုနှစ်မှစတင်၍ ဆေးဘက်ဆိုင်ရာ အဆင့်မြင့်ရာထူးတစ်ရပ်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး သမ္မတဒေါ်နယ်ထရမ့်၏ COVID-19 အရေးပေါ်တုံ့ပြန်ရေး ကော်မတီတွင် ထင်ရှားကျော်ကြားမှုအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့သည်။
ဂျိုးဘိုင်ဒင်၏ ဥပဒေဆိုင်ရာအကြံပေးဖြစ်သူ ရွန်ကလင်းကလည်း အိမ်ဖြူတော်တွင် ဒေါက်တာဖောက်ချီနှင့် တွဲဖက်ကာ ပြည်သူ့အကျိုးပြုလုပ်ငန်းစဉ်များ လုပ်ဆောင်ခွင့်ရမည်ဖြစ်ခြင်းကြောင့် လွန်စွာပင်ဝမ်းမြောက်ဝမ်းသာဖြစ်ရကြောင်း ပြောကြားခဲ့သည်။

















