ပြစ်မှုကျူးလွန်သူများအပေါ် သေချာပေါက် လက်တုံ့ပြန်မည်ဟု အီရန်သမ္မတ ပြောကြား

ပြစ်မှုကျူးလွန်သူများအပေါ် သေချာပေါက် လက်တုံ့ပြန်မည်ဟု အီရန်သမ္မတ ပြောကြား

တီဟီရန် ဒီဇင်ဘာ ၅ - နျူကလီးယားသိပ္ပံပညာရှင် မိုဆန်ဖာဂရီဇာဒက်အား လုပ်ကြံသတ်ဖြတ်ခဲ့မှုသည် ကြီးမားသော ရာဇဝတ်မှုတစ်ဖြစ်ပြီး လူမဆန်သောလုပ်ရပ်ဖြစ်ခြင်းကြောင့် သေချာပေါက်လက်တုံ့ပြန်မည်ဖြစ်ကြောင်း အီရန်သမ္မတ ဟက်ဆန်ရိုဟာနီက ဒီဇင်ဘာ ၄ ရက်တွင် ပြောကြားလိုက်သည်။

၎င်းတို့၏ ထိပ်တန်းပညာရှင်အား လုပ်ကြံမှုအပေါ် လက်ရှိတွင် အီရန်က အစ္စရေးအား စွပ်စွဲထားပြီး ကျူးလွန်သူများကို လက်တုံ့ပြန်ရေးမှာ အီရန်အစိုးရ၏ အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

‘‘ဒီလုပ်ရပ်ဟာ ကျွန်တော်တို့တိုင်းပြည်မှာရှိနေတဲ့ သိပ္ပံပညာရှင်တွေရဲ့ သိပ္ပံနည်းကျ သုတေသနပြုလုပ်မှုတွေနဲ့ သိပ္ပံပညာတိုးတက်ဖြစ်ထွန်းမှုကို မလိုလားဘူးဆိုတာကို ပြသနေပြီး ရန်ငြိုးမပြယ်နိုင်တဲ့ ရန်သူတော်တွေရဲ့ ယှဉ်နိုင်စွမ်းမရှိတာကို ပြသနေတာပဲ ဖြစ်ပါတယ်။ ဒီလိုအာဇာနည်မျိုးတွေ သွေးမြေကျခဲ့ရတဲ့အတွက် အီရန်အစိုးရအနေနဲ့ အချိန်ကောင်းမှာ လက်စားချေသွားမှာဖြစ်ပါတယ်’’ ဟု ရိုဟာနီက ပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အနေဖြင့် ၂၀၁၈ ခုနှစ်တွင် သမ္မတဒေါ်နယ်ထရမ့် စွန့်ခွာသွားခဲ့သော အီရန်နျူကလီးယားလက်နက်ဆိုင် ရာ သဘောတူစာချုပ်အား ပြန်လည်ပူးပေါင်းပါဝင်ခြင်းမရှိပါက ယူရေနီယမ် ပိုင်ဆိုင်မှုကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရိုဟာနီက ပြောကြားခဲ့သည်။ သို့သော် ဘိုင်ဒင်အနေဖြင့် သဘောတူစာချုပ်တွင် ပြန်လည်ပူးပေါင်းပါဝင်လာမည်ဆိုပါက စာချုပ်ပါအချက်များအတိုင်း လေးစားလိုက်နာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လက်ရှိတွင် မိုဆန်ဖာဂရီဇာဒက်အား လုပ်ကြံမှုနှင့်ပတ်သက်ပြီး အစ္စရေးဘက်မှ တရားဝင်ငြင်းဆန်ထားသလို သဲလွန်စလည်း မတွေ့ရသေးကြောင်း အစ္စရေးအစိုးရ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ အီရန်သိပ္ပံပညာရှင် မိုဆန်ဖာဂရီဇာဒက်သည် အဝေးထိန်းနည်းပညာတစ်ခုဖြင့် ပစ်ခတ်သတ်ဖြတ် လုပ်ကြံခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ဖော်ပြခဲ့ကြသည်။