ဝါရှင်တန် ဒီဇင်ဘာ ၅ - တရုတ်နိုင်ငံနှင့်လက်တွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်နေသော အပြန်အလှန်ယဉ်ကျေးမှုဓလေ့ဖလှယ်ခြင်းဆိုင်ရာ အစီအစဉ်ငါးရပ်အား အဆုံးသတ်လိုက်ပြီဖြစ်ကြောင်းနှင့် တရုတ်သည် အနုနည်းဖြင့် ဝါဒဖြန့်နိုင်ရေးသက်သက်သာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အမေရိကန်နှင့် တရုတ်တို့အကြား လက်တွဲဆောင်ရွက်နေသော Policymakers Educational China Trip Program၊ The U.S-China Friendship Program၊ the U.S.-China Leadership Exchange Program၊ the U.S.-China Transpacific Exchange Program နှင့် The Hong Kong Educational and Cultural Program တို့အားလုံးကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းအစီအစဉ်များသည် သမ္မတဟောင်း ဂျွန်အက်ဖ်ကနေဒီလက်ထက် ၁၉၆၁ ခုနှစ်တွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအရ ပညာရေးနှင့် ယဉ်ကျေးမှုကဏ္ဍများ အပြန်အလှန်ဖလှယ်ရေးအတွက် ဆောင်ရွက်ရန် သဘောတူလက်မှတ် ရေးထိုးခဲ့ကြခြင်းဖြစ်သည်။ အမေရိကန်ရှိ ကျောင်းသားများအား ပြည်ပနိုင်ငံများရှိ ကျောင်းသားများနှင့် ယဉ်ကျေးမှုများ ဖလှယ်တတ်စေရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်စေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
နှစ်နိုင်ငံအကြား တည်ဆောက်ထားသည့် အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုဖလှယ်ရေး အစီအစဉ်များတွင် အချို့မှာ အောင်မြင်မှုရှိသော်လည်း အထက်ပါအစီအစဉ်ငါးရပ်မှာ တရုတ်၏ အနုနည်းဖြင့် ဝါဒဖြန့်မှုသက်သက်သာ ဖြစ်ခြင်းကြောင့် ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ယခုထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး အမေရိကန်ရှိ တရုတ်သံရုံးကမူ ချက်ချင်းတုံ့ပြန်မှု မပြုလုပ်ခဲ့ပေ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာချက်သည်လည်း ယင်းကဏ္ဍများတွင် ပါဝင်ဆောင်ရွက်နေ ကြရသည့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကဏ္ဍများအပေါ် ချက်ချင်းဆိုသလို သက်ရောက်နိုင်မည်မဟုတ်ဟုလည်း သိရသည်။

















