ကာကွယ်ဆေးမျှော်လင့်ချက်ကြောင့် ဖြေလျှော့မှုမလုပ်ကြရန် WHO အကြီးအကဲ သတိပေး

ကာကွယ်ဆေးမျှော်လင့်ချက်ကြောင့် ဖြေလျှော့မှုမလုပ်ကြရန် WHO အကြီးအကဲ သတိပေး

ဂျနီဗာ ဒီဇင်ဘာ ၅ - ကာကွယ်ဆေးရရှိရန် လွန်စွာနီးကပ်နေသည့်အချိန်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း နိုင်ငံအုပ်ချုပ်သူ အစိုးရများအနေဖြင့် COVID-19 ကာကွယ်တိုက်ဖျက်ရေးဆိုင်ရာ စည်းမျဉ်းကန့်သတ်ချက်များကို ဖြေလျှော့ခြင်းများ မပြုလုပ်ကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ တဲဒရို့စ်အဒါနွန်ဂျီဘရီယဲဆပ်စ်က ဒီဇင်ဘာ ၄ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံသည် Pfizer မှထုတ်လုပ်သော COVID-19 ကာကွယ်ဆေးအား ပထမဆုံးအတည်ပြုသည့် နိုင်ငံဖြစ်ပြီး အမေရိကန်သည်လည်း လာမည့်တစ်ပတ်တွင် အတည်ပြုနိုင်ဖွယ်ရှိနေသည်။ သို့သော် လက်ရှိကမ္ဘာပေါ်တွင် ကူးစက်ပျံ့နှံ့နေသည့် ရောဂါကူးစက်နှုန်းနှင့် ပတ်သက်ပြီး စိုးရိမ်နေရခြင်းကြောင့် သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် သတိကြီးစွာဆောင် ရွက်ကြရန် WHO အကြီးအကဲက တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

‘‘ကာကွယ်ဆေး တိုးတက်ရရှိမှုဖြစ်စဉ်က ကျွန်တော်တို့ကို အားတက်စေပါတယ်။ အခုဆိုရင် ကျွန်တော်တို့က ပန်းတိုင်ရောက်တော့မယ့် မျှော်လင့်ချက်ကို စတင်ပြီးမြင်တွေ့နေရပြီ။ ဒီနှစ်ဟာ အလွန်ကိုခက်ခဲတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး လူတွေအားလုံးလည်း ပင်ပန်းနေကြပြီဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ဆေးရုံတွေမှာလည်း ခံနိုင်ဝန်ထက် ပိုပြီးလုပ်နေရတာကြောင့် အဆိုးရွားဆုံးအခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။ အရေးကြီးတာက လက်ရှိအခြေအနေပါ။ နေရာတော်တော်များများမှာ ကူးစက်မှုတွေ အရမ်းကိုများနေပြီး ဆေးရုံတွေ၊ အထူးကြပ်မတ်ကုသဆောင်တွေ၊ ကျန်းမာရေးစောင့် ရှောက်မှုစနစ်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဝန်ပိလာနေကြတယ်’’ ဟု  တဲဒရို့စ်က ပြောကြားခဲ့သည်။

လွန်ခဲ့သည့် တစ်နှစ်ကြာကာလက တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ ဈေးတစ်ခုမှ စတင်ပေါ်ထွက်လာခဲ့သော COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာပေါ် တွင် လူပေါင်း ၁ ဒသမ ၅ သန်းကျော် သေဆုံးခဲ့ရပြီဖြစ်ကာ ၆၅ သန်းကျော် ကူးစက်ခံခဲ့ရပြီဖြစ်သည်။

အောင်စိုးသူ(LPN) ဘာသာပြန်သည်။