ရုရှားနိုင်ငံတွင် COVID-19 ကာကွယ်ဆေး ထိုးနှံခြင်းအစီအစဉ် စတင်

ရုရှားနိုင်ငံတွင် COVID-19 ကာကွယ်ဆေး ထိုးနှံခြင်းအစီအစဉ် စတင်

မော်စကို ဒီဇင်ဘာ ၅ - ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်တွင် ဒီဇင်ဘာ ၅ ရက်နေ့မှ စတင်၍ ဆေးခန်းပေါင်း ၇၀ ၌ COVID-19 ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မော်စကိုမြို့တော် COVID-19 ဆိုင်ရာ အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ကြေညာခဲ့သည်။

ရုရှားပြည်တွင်းထုတ် Sputnik V ကာကွယ်ဆေးအား ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ လူမှုကယ်ဆယ်ရေး ပရဟိတလုပ်သားများ၊ စေတနာ့ဝန်ထမ်းများအား ဦးစားပေးထိုးနှံမည်ဖြစ်ကြောင်း အဆိုပါ ကော်မတီက ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ကပ်ရောဂါအားတိုက်ဖျက်ရာတွင် ရှေ့တန်းမှနေ၍ ပါဝင်ဆောင်ရွက်နေရခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

‘‘ခင်ဗျားက ပညာရေးဌာနခွဲတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းဆရာတစ်ယောက်ဖြစ်မယ်ဆိုရင် ကာကွယ်ဆေးကို ဦးစားပေးထိုးရမယ့် စာရင်းထဲမှာ ပါဝင်နေပါလိမ့်မယ်။ နောက်ပြီး အခမဲ့ထိုးပေးမှာပါ’’ ဟု ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံခဲ့ပြီးဖြစ်သော မူလတန်းကျောင်းဆရာတစ်ဦးဖြစ်သူ မူစကိုဗစ်က ပြောကြားခဲ့သည်။

သို့သော် ကျန်းမာရေးအခြေခံ မကောင်းမွန်သူများ၊ ကိုယ်ဝန်ဆောင်များနှင့် လွန်ခဲ့သောနှစ်ပတ်အတွင်း အဖျားရောဂါ ခံစားခဲ့ကြရသူများကိုမူ ကာကွယ်ဆေးထိုးပေးဦးမည်မဟုတ်ကြောင်း သိရသည်။ ထို့ပြင် အသက် ၆၀ နှစ်အထက် သက်ကြီးရွယ်အိုများကိုလည်း ကာကွယ်ဆေး ထိုးနှံပေးဦးမည်မဟုတ်ကြောင်း သိရသည်။

မော်စကိုမြို့သည် ရုရှားနိုင်ငံ၏ COVID-19 ကူးစက်ပျံ့နှံ့ရာ ဗဟိုချက်မဖြစ်နေပြီး ဒီဇင်ဘာ ၅ ရက်တွင် တစ်ရက်အတွင်း ကူးစက်သူသစ် ၇၉၉၃ ဦးရှိခဲ့ကြောင်း သိရသည်။

အောင်စိုးသူ(LPN) ဘာသာပြန်သည်။