မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တာဝန်ခံမှုရှိရေးလုပ်ငန်းစဉ်များအပါအဝင်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ ဥရောပသမဂ္ဂသည် ဆက်လက်၍ကူညီပံ့ပိုးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ဥရောပကောင်စီဥက္ကဌ Mr. Charles MICHEL နှင့် ဥရောပကော်မရှင်ဥက္ကဌ Ms. Ursula VON DER LEYEN တို့ကဒီဇင်ဘာ ၄ ရက်ကပေးပို့သည့်သဝဏ်လွှာအတွင်း ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။
ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၏ အနိုင်ရရှိခဲ့မှုအပေါ်တွင်လည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ ဆယ်စုနှစ် ငါးစုအတွင်း အရပ်သားအစိုးရလက်ထက်တွင် ပထမဆုံးအကြိမ်ကျင်းပခဲ့သည့်အထွေထွေရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ အရပ်သားအစိုးရနှင့် ဒီမိုကရေစီလုပ်ငန်းစဉ်များအတွက် အရေးကြီးသည့်သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအား Everything but Arms (EBA) အရ ကုန်သွယ်မှုအထူးအခွင့်အရေးများပေးအပ်မှု၊ ပညာရေးကဏ္ဍတွင် သိသာထင်ရှားသည့် ကူညီပံ့ပိုးမှုများပေးလျက်ရှိသည့်အပြင်၊ အလုပ်အကိုင်ဆုံးရှုံးခဲ့သော မြန်မာအထည်ချုပ်လုပ်သားများစွာအတွက် အရေးပေါ်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးခြင်းများကို ပြုလုပ်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။
ထို့ပြင် COVID-19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှ ပေးဆပ်ရန်ရှိသည့်ကြွေးမြီများအား ပြန်လည်ပေးဆပ်ရမည့်ကာလအား ရွှေ့ဆိုင်းပေးရန် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက သဘောတူညီခဲ့ကြောင်းလည်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို့ပြင် ရှေ့ဆက်တာဝန်ထမ်းဆောင်မည့်ကာလသစ်တွင် မြန်မာနိုင်ငံသားအားလုံးပါဝင်သော သယာဝပြောသည့်နိုင်ငံတော်ပေါ်ပေါက်ရေးအတွက် ၎င်းတို့၏အခွင့်အရေးများအား ကာကွယ်စောင့်ရှောက်လျက်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်သွားမည်ဟု မျှော်လင့်ကြောင်း၊ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုပိုမိုခိုင်မာစေရန်နှင့် ပြုပြင်ပြောင်းလဲရေး ရည်မှန်းချက်ပန်းတိုင်ပြည့်မြောက်ရေးအတွက် မြန်မာနိုင်ငံအား ကူညီပံ့ပိုးမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
















