မန္တလေးမြို့၊ ဂရိတ်ဝေါလ်ကုမ္ပဏီလီမိတက်၏ တစ်သျှူးကာချာ နည်းပညာအလုပ်ရုံမှ သုတေသနပြုလုပ်၍စမ်းသပ်စိုက်ပျိုးထားသည့် ကျွန်းအစားထိုး ခုနစ်နှစ်သက်တမ်းရှိ ပြည်လုံးချမ်းသာပင်များမှ ထုတ်လုပ်ထားသည့်အရည်အသွေးကောင်းသစ်ခွဲသားများနှင့်ပရိဘောဂပစ္စည်းများကို စတင်ပြသထားပြီး လာမည့် ၂ဝ၂၁ ခုနှစ်တွင်ပျိုးပင်စုစုပေါင်း ၁ သန်းအား ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်း သစ်မာကုန်ကြမ်းရရှိရေးအတွက် သစ်တောများအပေါ်ခုတ်ထွင်ရမှု လျော့နည်းစေရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များအကျိုးအမြတ် များစွာရရှိစေရန်အတွက်ရည်ရွယ်ကာ ပြည်လုံးချမ်းသာပင်များကို ၂ဝဝ၇ ခုနှစ်မှစတင်စမ်းသပ်စိုက်ပျိုး လာခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် စိတ်ဝင်တစားစိုက်ပျိုးလိုသူများက အပင်ရေတစ်သိန်းကို ကြိုတင်မှာယူထားမှုရှိနေပြီး တစ်သျှူးကာချာနည်းဖြင့် အဆင့်မြှင့်တင်ထားသည့် ပျိုးပင်အိတ်များကိုသာဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ဂရိတ်ဝေါလ်ကုမ္ပဏီလီမိတက် ဥက္ကဌဦးတင်မောင်ကပြောကြားသည်။
''နိုင်ငံတော်နဲ့ စိုက်ပျိုးရေးလုပ်ငန်းရှင်တွေအတွက် အကျိုးရှိစေဖို့ ၁၃ နှစ်လုံးလုံး ကျွန်တော်တို့အပင်ပန်းခံပြီးတော့ ကြိုးစားသုတေသနပြုမှုတွေဟာဒီနေ့အချိန်မှာတော့ အောင်မြင်မှုရရှိပြီလို့ ရဲရဲကြီးပြောနိုင်ပါပြီ။အစတုန်းကတော့ ပြည်လုံးချမ်းသာပင်တွေကိုအထပ်သား၊ ကြိတ်သားနဲ့ စက္ကူပျော့ဖတ်တို့ကို ထုတ်လုပ်ဖို့အတွက်ပဲ ရည်ရွယ်စမ်းသပ်စိုက်ပျိုးခဲ့တာ ဖြစ်ပေမယ့်နည်းပညာနဲ့ အဆင့်မြှင့်တင်စမ်းသပ်မှုတွေကို ပြုလုပ်ခဲ့ရာမှာ ခုနစ်နှစ်သားအရွယ် အပင်ရဲ့အသားဟာဆိုရင်သစ်ခွဲသားအဆင့်အထိ ထုတ်လုပ်နိုင်တဲ့အပြင် ပရိဘောဂပစ္စည်းတွေအထိထုတ်လုပ်နိုင်အောင် ပေါလစ်တင်ခံနိုင်တဲ့အရည်အသွေးရှိတယ်ဆိုတာလက်တွေ့ ပြသနိုင်ပါပြီ။ ၂ဝဝ၈ ခုနှစ်ကစိုက်ပျိုးထားတဲ့အပင်ဆိုရင် လုံးပတ်က ၇၁ လက်မအထိနဲ့ အမြင့်ပေ ၁၁ဝ အထိ ရောက်ရှိကြီးထွားနေတာကိုကိုဗစ်ကာလအပြီးမှာ ခရီးသွားလာရေးတွေဆင်ပြေတဲ့အချိန်ရောက်ရင် လေ့လာချင်တဲ့သူတွေကို လိုက်လံပြသပေးသွားပါမယ်'' ဟုဦးတင်မောင်ကဆက်လက်ရှင်းပြသည်။
ပြည်လုံးချမ်းသာပင်များမှာ ရေဝပ်ဧရိယာမှလွဲ၍ မြေပြန့်၊ တောင်စောင်းစသည်တို့တွင် အလွယ်တကူ စိုက်ပျိုးနိုင်၍တဧကလျှင် အပင်အရေအတွက် ၁ဝဝ မှ ၁၅ဝ ကြားစိုက်ပျိုးရန် အကောင်းဆုံးသင့်လျော်ပြီး သဘာဝမြေသြဇာထည့်သွင်းစရိတ်အနေဖြင့် တစ်ပင်အတွက် ငွေကျပ်တစ်သောင်းခွဲဝန်းကျင်သာ ကုန်ကျမည်ဖြစ်သော်လည်း တစ်ပင်လျှင် သစ်မာတန်ချိန် ၁ တန်ခွဲမှ ၂ တန်ကြားရရှိသောကြောင့် အပင် ၁ဝဝ စိုက်ပျိုးပါက ၁ဝ နှစ်အကြာတွင် ငွေကျပ်သိန်းတစ်ထောင်ဝန်းကျင်ဝင်ငွေရရှိစေမည်ဖြစ်ကြောင်း ကုမ္ပဏီ၏သုတေသန စာတမ်းများအရသိရသည်။

















