မြန်မာတိုင်းမ်နေ့စဉ် စာဖတ်ပရိသတ်ကြီးအတွက် ဒီဇင်ဘာတစ်လတာအတွင်း ဖြစ်ပေါ်ပြောင်းလဲမည့် စီးပွားရေး၊ ကျန်းမာရေး၊ နိုင်ငံရေး၊ သဘာဝဘေး၊ မြန်မာအခြေအနေနှင့် ကမ္ဘာ့အခြေအနေများကို ဗေဒင်နက္ခတ် ကံကြမ္မာပညာရပ်တို့ဖြင့် တွက်စစ်ရရှိမှုများကို ဖော်ပြပေးလိုက်ပါသည်။
* ယခု ဒီဇင်ဘာတစ်လလုံးသည် ဗုဒ္ဓဟူး၊ အင်္ဂါ၊ သောကြာနေ့ နံသက်ရှိသက်မဲ့တို့ လှုပ်လှုပ်ရှားရှား၊ ဆူညံပူညံ၊ ရှေ့တန်းရောက်ပြဿနာများအဖြစ် ပေါ်ထွက်လာနိုင်သော လတစ်လဖြစ်ပါသည်။ ထို့ပြင် (၁၄-၁၂-၂ဝ၂ဝ) ၂ လာနေ့ ၂၃း၂၁း၄၈ နေ့အချိန်တွင် နေကြတ်ဖြစ်စဉ်ဖြစ်ပေါ်ပြီး ကမ္ဘာ့သက်ဆိုင်ရာဒေသတို့အား အမှောင်ရိပ်ကျရောက် ဖုံးလွှမ်းစေသည်။ ထိုအချိန် နေမင်း၏မျက်နှာပြင်ပေါ်တွင် ဖြစ်ပေါ်နေသော မြင်တွေ့ရသည့် အမဲကွက်သည် (ကိတ်ဂြိုဟ်) ဖြစ်သည်။ ရာဟုနှင့် ကိတ်ဂြိုဟ်တို့သည်ကား နေလကြတ်သောအခါတွင်သာ မြင်တွေ့ရသည်။
* တနင်္ဂနွေနေမင်းဂြိုဟ်သည် (ဗြိစ္ဆာ)ရာသီ၌ (၁၅-၁၂၂-၂ဝ၂ဝ) အထိရှိနေပြီး (၁၆-၁၂-၂ဝ၂ဝ) မှ (၃၁-၁၂-၂ဝ၂ဝ) နေ့အထိ (ဓနု) ရာသီမှာရှိနေပြီး ကောဇာအင်္ဂါဂြိုဟ်သည် (၂၄-၁၂--၂ဝ၂ဝ) နေ့တွင် (မိဿ)ရာသီအတွင်းသို့ ပြောင်းရွှေ့ဝင်ရောက်စီးနင်းသည် ၆ ကြာဂြိုဟ်ပိုင် (ပြုဗ္ဗဖလဂုဏီနက္ခတ်) ကို ထွင်းလိမ့်မည်။ (၉-၁၂-၂ဝ၂ဝ)နေ့တွင် ကောဇာ ၅ တေးဂြိုဟ်သည် နေရာသီ (ဥတ္တရာသာဋ်နက္ခတ်) အပေါ် စီးနင်းခိုက် အသွားမြန်လာပြီး လက်ဝဲဖက်အမြင်ဖြင့် ၅ တေးဂြိုဟ်ပိုင် (ပြုဗ္ဗဘဒြပိုဒ်နက္ခတ်) ကို ထွင်းလိမ့်မည်။
* ကောဇာစနေဂြိုဟ်သည် ၁ နွေဂြိုဟ်ပိုင် (ဥတ္တရာသာဋ်နက္ခတ်) အပေါ်တွင် အသွားနှုန်းမြန်စွာဖြင့် စီးနင်းနေသည်။
* ကောဇာရာဟုဂြိုဟ်ကြီးကလည်း ပြိဿရာသီအတွင်းကို ပြောင်းရွှေ့စီးနင်းပြီး ဒီဇင်ဘာလကုန်အထိ မိဂသီနက္ခတ်အပေါ် စီးနင်းနေသည်။ အထက်ဖော်ပြခဲ့သလို နေကြတ်ခြင်းနှင့်အတူ ဂြိုဟ်နက္ခတ်တို့၏ ပြောင်းလဲမှုဖြစ်စဉ်များကြောင့် ဒီဇင်ဘာတစ်လလုံးသည် မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအသီးသီးမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေ၊ အစိုးရအသစ်အသစ်တို့ ပြောင်းလဲဖြစ်ပေါ်ခြင်းနှင့်အတူ ဆူညံ၊ ပူညံ စွပ်စွဲပြစ်တင် ဝေဖန် တိုက်ခိုက် အစွန်းရောက်ပြဿနာတွေ လူစုလူဝေးပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါသည်။
အာဏာရှိအောင်မြင်မှုရနေသော အဖွဲ့အစည်းများကို (အင်္ဂါဂြိုဟ်၊ သောကြာဂြိုဟ်) တို့၏ စိတ်ဆန္ဒအစွဲတို့ဖြင့် သတင်းမျိုးစုံ၊ သွေးထွက်သံယိုမျိုးစုံတို့ ရှိနေပါသောကြောင့် သတိထားသင့်ပါသည်။ သဘာဝဘေးအနေဖြင့်လည်း ခရီးသွားမတော်တဆဖြစ်စဉ်များ၊ ငလျင်နှင့် လေမုန်တိုင်းကျရောက်ခြင်းများ၊ အာရှ၊ ဥရောပ၊ မြန်မာ၊ ထိုင်း၊ အိန္ဒိယ၊ တရုတ်တို့တွင် ဖြစ်ပေါ်နိုင်ပါသည်။ ယခုဖြစ်ပေါ်နေသော ကပ်ရောဂါ COVID-19 သည်လည်း ဆက်လက်မြင့်တက်နေနိုင်ပါသည်။
* စီးပွားရေးအနေဖြင့် အင်္ဂါ၊ သောကြာ၊ ဗုဒ္ဓဟူး၊ သက်ရှိသက်မဲ့နေ့နံများဖြစ်သော ဆန်၊ ဆီ၊ ဆေး၊ ဆား၊ စားသောက်ကုန်သာ ငါး၊ သစ်သီးအမျိုးမျိုး၊ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ သစ်၊ သွပ်၊ သံ၊ ရေကြောင်း၊ လေကြောင်း၊ ရေထွက်ပစ္စည်း၊ ဟိုတယ်ခရီးလုပ်ငန်းများ၊ အလှူ၊ ဓမ္မ၊ တရား၊ ပျော်ရွှင်မှု၊ အနုပညာ၊ တေးဂီတ၊ အလှအပ၊ အားကစား စသည်တို့သည် လှုပ်လှုပ်ရှားရှား ပေါ်ထွက်လာပြီး အောင်မြင်မှုတွေရရှိသလို အပျော်လွန်အပျက်နှင့် သောကများလည်း ယှဉ်တွဲပါလာနိုင်ပါသဖြင့် သတိထားဖို့ လိုအပ်ပါလိမ့်မည်။
အထူးသဖြင့် ၂ဝ၂ဝ ပြည့်နှစ်၏ ပေါင်းခြင်း(၄) ဖြစ်စဉ် နောက်ဆုံးလ ဒီဇင်ဘာကာလသည် အင်္ဂါ၊ သောကြာဂြိုဟ်တို့ ထိုးစစ်ကြောင့် ရောဂါကပ်ဘေး၊ ဆေးဝါး၊ ကုသ၊ ဆေးရုံ၊ ဆေးခန်းပြဿနာတွေ ရှုတ်ထွေးပြီး အသေအပျောက်များနိုင်သောကြောင့် အစစသတိကြီးစွာ စည်းကမ်းလိုက်နာဖို့ အထူးအရေးကြီးပါသည်။
အစိုးရအသစ်နှင့်အတူ ပြဿနာအသစ်များ၊ ကျန်းမာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ စိန်ခေါ်မှုကြီးတွေ အရှုတ်ထွေးဆုံးလဖြစ်ပါသည်။ အင်္ဂါနှင့်သက်ဆိုင်သော အခြေခံလူတန်းစားများ စားဝတ်နေရေးပြဿနာကြီးများ၊ စွပ်စွဲပြစ်တင်တို့နှင့်ပေါင်းစပ်ပြီး စည်းပျက်ကမ်းပျက်၊ စည်းလွတ်၊ ဝါးလွတ်၊ စရိုက်ဆန်ဆန် ပြဿနာတွေ သတိထားရမည့်အချိန်ဖြစ်ပါသည်။
ကမ္ဘာ့နိုင်ငံအသီးသီးမှလည်း စီးပွားရေး၊ စစ်ရေး၊ ဆေးဝါး၊ စားနပ်ရိက္ခာ၊ သယ်ယူပို့ဆောင်ရေး၊ သံတမန်ရေးများ အသစ်၊ မြန်မာနိုင်ငံသို့ ဆက်သွယ်ပူးပေါင်းအားပေးကူညီ ရင်းနှီးမြှုပ်နှံမှုများ ပေါ်ပေါက်လာပါလိမ့်မည်။ တခြားသော နေ့နံများဖြစ်သည့် ကြာသပတေး၊ တနင်္ဂနွေ၊ စနေ၊ တနင်္လာတို့နှင့် သက်ဆိုင်သော သက်ရှိသက်မဲ့ လူနာပစ္စည်းများ၊ အဖွဲ့အစည်းများ၊ နေရာဒေသများ၊ ထွန်းထွန်းကားကား အောင်မြင်ရောင်းဝယ်ကောင်းပြီး အဆင်ပြေပါလိမ့်မည်။
* ဒီဇင်ဘာလ လက်ထပ်မင်္ဂလာအခါရက်များ - ၆၊ ၁၁၊ ၂ဝ၊ ၂၄
* အိမ်ဆောက်၊ ရေတွင်းတူးမင်္ဂလာအခါရက်များ- ၁၉၊ ၂၅၊ ၃ဝ
* အိမ်တက်မင်္ဂလာအခါရက်များ - ၇၊ ၁၆၊ ၂၁၊ ၂၇
* ထီထိုးရန်ကောင်းသောရက်များ - ၃၊ ၆၊ ၁၆၊ ၁၈၊ ၂၅
* ၁-၁-၂ဝ၂၁ ထီဖွင့်ပွဲအတွက် စိုးမိုးအက္ခရာ - တနင်္လာ၊ ကြာသပတေး၊ စနေ အက္ခရာများ၊ စိုးမိုးဂဏန်းများ - ၂၊ ၁၊ ၃၊ ၈ ဒီဇင်ဘာတစ်လလုံး ကံကောင်းစေဖို့ မည်သူမဆို မိမိတို့ဘာသာအရ ဓမ္မပူဇာပရိတ် များများရွတ်ပါ။ မေတ္တာများများပို့ပါ။
အားလုံးသတ္တဝါတွေ ဘေးရန်ကင်း၍ ကျန်းမာချမ်းသာကြပါစေ။
















