လန်ဒန် ဒီဇင်ဘာ ၆ - ဗြိတိန်သည် Pfizer-BioNTech မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးကို ကမ္ဘာပေါ်တွင် ပထမဆုံးဖြန့်ချိသည့် နိုင်ငံဖြစ်လာတော့မည်ဖြစ်ပြီး လာမည့်သီတင်းပတ်တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေး ဖြန့်ဖြူးသည်နှင့်တစ်ပြိုင်နက် ဆေးရုံများတွင် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကိုလည်း စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း အစိုးရက ဒီဇင်ဘာ ၆ ရက်နေ့တွင် ပြောကြားခဲ့သည်။ ကာကွယ်ဆေး ထိုးနှံမည့်အစီအစဉ်ကို ဒီဇင်ဘာ ၈ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ကနဦးအဖြစ် ကျန်းမာရေးဝန်ထမ်းများကို ဦးစားပေးထိုးနှံမည်ဖြစ်ကြောင်း သိရသည်။
ဗြိတိန်သည် Pfizer-BioNTech မှထုတ်လုပ်သော ကာကွယ်ဆေးအား လွန်ခဲ့သည့်သီတင်းပတ်တွင် အရေးပေါ်အသုံးပြုရန် အတည်ပြုခဲ့ပြီးနောက် COVID-19 တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ရှေ့ဆုံးမှဦးဆောင်နိုင်သည့် အခြေအနေမျိုးကို ပိုင်ဆိုင်လာနေပြီဖြစ်သည်။
ပြည်တွင်းရှိ လူဦးရေစုစုပေါင်းထဲမှ သန်း ၂၀ အတွက် လုံလောက်သော ကာကွယ်ဆေးတစ်ကြိမ်ထိုးပမာဏ သန်း ၄၀ ပထမဦးစွာထိုးနှံပေးရန် အစိုးရက ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကာကွယ်ဆေး စတင်ထိုးနှံသည့် တစ်ပတ်ကာလအတွင်း၌ပင် ကာကွယ်ဆေးတစ်ကြိမ်ထိုးပမာဏ ၈၀၀၀၀၀ ခန့် ထိုးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ ဘယ်လ်ဂျီယံနိုင်ငံမှ အစောဆုံးရောက်ရှိလာသည့် ကာကွယ်ဆေးများကို ကျန်းမာရေးဌာနက အရည်အသွေးစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် နိုင်ငံအနှံ့အပြားရှိ လုံခြုံစိတ်ချရသော နေရာများတွင် ထားရှိပြီးဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများအတွက် အဆင်သင့်အနေအထားရှိနေကြောင်း သိရသည်။
Pfizer-BioNTech မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးသည် အနည်းဆုံး အနုတ် ၇၀ ဒီဂရီစင်တီဂရိတ်ရှိသော အအေးခန်း သို့မဟုတ် ရေခဲသေတ္တာထဲ၌ သိုလှောင်ထားရှိရမည်ဖြစ်ပြီး အကယ်၍ သာမန် ရေခဲသေတ္တာတစ်လုံးအတွင်း၌ ထားရှိမည်ဆိုပါက ၅ ရက်သာ အထားခံမည်ဖြစ်ပြီး ယင်းနောက်တွင် အာနိသင်ကွယ်ပျောက်သွားနိုင်ကြောင်း သိရသည်။
ယင်းကဲ့သို့သော အချက်ကြောင့် ဗြိတိန်နိုင်ငံ၏ ကနဦးကာကွယ်ဆေးထိုးမည့်အစီအစဉ်တွင် ဆေးရုံ ၅၀ ၌ သာ လက်ခံဆောင်ရွက်နိုင်ဦးမည်ဖြစ်ကြောင်း သိရသည်။

















