ဂျပန်၊ ပြင်သစ်နှင့် အမေရိကန်တို့ လာမည့်မေလတွင် ပူးတွဲစစ်ရေးလေ့ကျင့်မည်

ဂျပန်၊ ပြင်သစ်နှင့် အမေရိကန်တို့ လာမည့်မေလတွင် ပူးတွဲစစ်ရေးလေ့ကျင့်မည်

တိုကျို ဒီဇင်ဘာ ၆ - အာရှ-ပစိဖိတ်ဒေသတွင်း တရုတ်၏ စစ်ရေးလေ့ကျင့်မှုများ တိုးမြှင့်ဆောင်ရွက်နေခြင်းကြောင့် ဂျပန်၊ ပြင်သစ်နှင့် အမေရိကန်တို့သည် လာမည့်နှစ် မေလထဲတွင် ပထမဆုံးအကြိမ်အဖြစ် မြေပြင်နှင့်ရေကြောင်း ပူးတွဲစစ် ဆင်ရေးများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရိုက်တာသတင်းဌာန၏ ဒီဇင်ဘာ ၆ ရက် ဖော်ပြချက်အရ သိရသည်။

ယင်းကဲ့သို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဂျပန်နိုင်ငံပိုက်နက်ရှိ လူမနေသောကျွန်းစုတစ်ခုတွင် ဆောင်ရွက်မည်ဖြစ်ပြီး သဘာ၀ဘေးအန္တရာယ်များ ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရည်မှန်းချက်ထားကာ လေ့ကျင့်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ကျူးကျော်လာသည့် ပြည်ပရန်စွယ်များကိုလည်း ခုခံကာကွယ်နိုင်ရေးအတွက် လေ့ကျင့်မှုအစီအစဉ်တစ်ရပ်ကိုလည်း ပူးတွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုသတင်းနှင့်ပတ်သက်ပြီး ရိုက်တာသတင်းဌာန၏ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုကို ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက တုံ့ပြန်ပြောဆိုခြင်းမရှိသေးပေ။ ယခု ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် အရှေ့တရုတ်ပင်လယ်အတွင်းရှိ ဂျပန်ပိုင်နက်ကျွန်းစုများအား ကာကွယ်ရေးအတွက် ရည်ရွယ်ကာ ပူးတွဲလေ့ကျင့်ခြင်းဖြစ်နိုင်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

‘‘ကျွန်တော်တို့ရဲ့ လက်ရှိဖြစ်တည်မှုကို ဒီဒေသတွင်းမှာ ပြသချင်တဲ့သဘောဖြစ်ပြီး ဂျပန်-ပြင်သစ် ပူးပေါင်းဆောင်ရွက်မှုကို ပြသလိုတဲ့သဘောလည်း ဖြစ်ပါတယ်။ ဒီလိုပြောတာက တရုတ်ကို ရည်ရွယ်တာပါ။ ဒါက ဘက်စုံပေါင်းစည်းခြင်းနဲ့ လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်တို့အတွက် သတင်းစကားပဲဖြစ်ပါတယ်’’ ဟု ပြင်သစ်ရေတပ်အကြီးအကဲ အက်ဒမီရာပီရယ်ဗန်ဒီက ပြောကြားခဲ့သည်။

တရုတ်ကမူ ၎င်း၏ရည်ရွယ်ချက်မှာ အာရှ-ပစိတ်ဖိတ်ဒေသတွင်း၌ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို လိုလားကြောင်း ထုတ်ပြောထားပြီးဖြစ်သည်။