တာလီဘန်များနှင့်အဆင်ပြေပါက IS ကို ပိုမိုတိုက်ထုတ်နိုင်တော့မည်ဟု အာဖဂန်အရာရှိတစ်ဦးပြော

တာလီဘန်များနှင့်အဆင်ပြေပါက IS ကို ပိုမိုတိုက်ထုတ်နိုင်တော့မည်ဟု အာဖဂန်အရာရှိတစ်ဦးပြော

ဒိုဟာ ဒီဇင်ဘာ ၆ - တာလီဘန်လက်နက်ကိုင်များနှင့် အောင်မြင်သော ငြိမ်းချမ်းရေးဆွေးနွေးမှု ဖြစ်စဉ်တစ်ခုသည် အာဖဂန်နစ္စတန်အစိုးရအနေဖြင့် အစ္စလာမ်အစွန်းရောက်အကြမ်းဖက်အဖွဲ့ (IS) အား နှိမ်နှင်းရေးအတွက် ပိုမိုအာရုံစိုက်နိုင်သည့်အခွင့်အရေးမျိုး ပေးစွမ်းလိမ့်မည်ဖြစ်ကြောင်း အာဖဂန်နစ္စတန် အမျိုးသားလုံခြုံရေးအကြံပေး ဟမ်ဒူလာမိုဒစ်ဘ်က ဒီဇင်ဘာ ၅ ရက်၌ ပြောကြားခဲ့သည်။

၁၉ နှစ်ကြာ ဖြစ်ပွားနေခဲ့သော စစ်ပွဲအားအဆုံးသတ်ရန်အတွက် အာဖဂန်နစ္စတန်အစိုးရသည် တာလီဘန် လက်နက်ကိုင်ခေါင်းဆောင်များနှင့် ကာတာနိုင်ငံ ဒိုဟာမြို့တွင် လွန်ခဲ့သည့် စက်တင်ဘာလမှစတင်ကာ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး လက်ရှိတွင် အောင်မြင်မှုရရှိရန် နီးကပ်လာနေပြီဖြစ်သည်။ ယင်းဆွေးနွေးပွဲကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွမ်ပီယိုက ဦးဆောင်ခဲ့ပြီး နှစ်ဖက်ခေါင်းဆောင်များအနေဖြင့် ရန်လိုမှုများကိုလျှော့ချကာ ဆွေးနွေးရန် တိုက်တွန်းထားပြီးဖြစ်သည်။ ထို့ကြောင့် ဒိုဟာဆွေးနွေးပွဲ၏ရလဒ်မှာ အကောင်းဘက်သို့ ဦးတည်နေသည်။

တာလီဘန်များနှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေပြီဖြစ်သော်လည်း IS အဖွဲ့များ၏ တိုက်ခိုက်မှုအတွက် စိုးရိမ်စိတ်များရှိနေဆဲဖြစ်ကြောင်း အမျိုးသားလုံခြုံရေးအကြံပေး ဟမ်ဒူလာမိုဒစ်ဘ်က ပြောကြားခဲ့သည်။

‘‘သူတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် အတော်လေးကို ဆိုးကျိုးတွေရှိနေတယ်ဆိုတာ ဟုတ်ပါတယ်။ သူတို့ကြောင့် ကျွန်တော်တို့ရဲ့ ပြည်သူတွေအတွက် အများကြီးစိုးရိမ်နေရတယ်။ ကျွန်တော်တို့ရဲ့ မြို့ကြီးတွေကို သူတို့ရဲ့ တိုက်ခိုက်မှုတွေကနေ ကာကွယ်ဖို့အတွက် ကြိုးကြိုးစားစားလုပ်နေရတာပါ။ ကျွန်တော်တို့က အန္တရာယ်အများကြီးကို ရင်ဆိုင်နေရတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့တပ်တွေက ပြန့်ကျဲနေတယ်။ တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်မှာ အောင်မြင်မှုရခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့တပ်တွေဟာ IS တွေကို တိုက်ခိုက်နိုင်စွမ်း ပိုပြီးမြင့်မားလာတော့မှာ ဖြစ်ပါတယ်’’ ဟမ်ဒူလာမိုဒစ်ဘ်က ဆိုသည်။