အမျိုးသမီးတစ်ဦးကို လကမ္ဘာပေါ်သို့ ပထမဆုံးပို့ဆောင်ပေးရန် ဂျက်ဖ်ဘီဇို့စ် စီစဉ်နေ

အမျိုးသမီးတစ်ဦးကို လကမ္ဘာပေါ်သို့ ပထမဆုံးပို့ဆောင်ပေးရန် ဂျက်ဖ်ဘီဇို့စ် စီစဉ်နေ

ဝါရှင်တန် ဒီဇင်ဘာ ၆ - ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဂျက်ဖ်ဘီဇို့စ်က ၎င်း၏ အာကာသကုမ္ပဏီသည် အမျိုးသမီးတစ်ဦးကို လကမ္ဘာပေါ်သို့ ပထမဆုံးပို့ဆောင်ပေးရန် စီစဉ်နေပြီဖြစ်ကြောင်း ဒီဇင်ဘာ ၅ ရက်တွင် ၎င်း၏ အင်စတာဂရမ်စာမျက်နှာမှတစ်ဆင့် ပြောကြားခဲ့သည်။

အမေဇုန်စီးပွားရေးလုပ်ငန်းစုကြီးကို ပိုင်ဆိုင်သော ဘီဇို့စ်သည် နာဆာအာကာသစခန်းတစ်ခုတွင် ၎င်း၏ကုမ္ပဏီမှ တီထွင်သော အာကာသယာဉ်အင်ဂျင်တစ်ခုကို စမ်းသပ်သည့် ဗီဒီယိုဖိုင်အား အင်စတာဂရမ်စာမျက်နှာတွင် တင်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

‘‘BE-7 လို့ ခေါ်တဲ့ ဒီအင်ဂျင်ကတော့ ကမ္ဘာပေါ်က အမျိုးသမီးတစ်ဦးကို လကမ္ဘာရဲ့မျက်နှာပြင်ပေါ်ဆီ ပထမဆုံး ပို့ဆောင်ပေးမယ့် အင်ဂျင်တစ်ခုပဲဖြစ်ပါတယ်’’ ဟု ဂျက်ဖ်ဘီဇို့စ်က အင်စတာဂရမ်တွင် ရေးသားခဲ့သည်။ ၎င်းပိုင်ဆိုင်သော Blue Origin အာကာသကုမ္ပဏီမှ တီထွင်ဖန်တီးသော BE-7 အမျိုးအစား အင်ဂျင်အား ၁၂၄၅ စက္ကန့်ကြာ စမ်းသပ်လည်ပတ်မှုပြုလုပ်ခဲ့ပြီး အောင်မြင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ယင်းအင်ဂျင်အမျိုးအစား သည် လဆင်းယာဉ်အမျိုးအစား အင်ဂျင်ဖြစ်ပြီး လူလိုက်ပါနိုင်သည့် အမျိုးအစားဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် အမေရိကန်ပြည်ထောင်စု၌ လကမ္ဘာပေါ်သို့ ပုဂ္ဂလိကကုမ္ပဏီများမှ ခြေချနိုင်ရန်အတွက် ဂျက်ဖ်ဘီဇို့စ်၏ Blue Origin ကုမ္ပဏီ၊ အီလွန်မက်စ်၏ Space X ကုမ္ပဏီနှင့် Leidos ကုမ္ပဏီတို့ အပြိုင်ကြိုးစားနေပြီး ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်စ်က လာမည့်လေးနှစ်အတွင်း၌ လူလေးဦးကို လကမ္ဘာပေါ်သို့ သေချာပေါက် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ပြောကြားထားပြီးဖြစ်သည်။

အောင်စိုးသူ(LPN) ဘာသာပြန်သည်။