ဝါရှင်တန် ဒီဇင်ဘာ ၆ - အမေရိကန်ပြည်ထောင်စုတွင် ဒီဇင်ဘာ ၅ ရက်၌ တစ်ရက်အတွင်း COVID-19 ကူးစက်သူသစ် ၂၃၀၀၀၀ နီးပါးဖြင့် စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။
COVID-19 ကပ်ရောဂါဒဏ်ကို အဆိုးရွားဆုံးခံနေရသည့် အမေရိကန်ပြည်ထောင်စုတွင် လွန်ခဲ့သည့် အားလပ်ရက်များ၌ ခရီးသွားလာမှုများ ရှိခဲ့ခြင်းကြောင့် ကူးစက်သူသစ်ဦးရေ သုံးရက်ဆက်တိုက် မြင့်တက်ခဲ့ပြီး ဒီဇင် ဘာ ၅ ရက်တွင် ၂၃၀၀၀၀ နီးပါးရှိကာ သေဆုံးသူ ၂၅၂၇ ဦးရှိကြောင်း ဂျွန်ဟော့ကင်းစ်တက္ကသိုလ်မှ ထုတ်ပြန်သော စာရင်းအင်းများအရ သိရသည်။
လွန်ခဲ့သောနှစ်ပတ်တွင် အမေရိကန်၌ COVID-19 ကြောင့် သေဆုံးသူသည် တစ်ရက်ပျမ်းမျှ ၂၀၀၀ ဦးနှုန်းရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး နေအိမ်တွင်သာ နေထိုင်ကြရန်နှင့် မလိုအပ်ဘဲနှင့် အပြင်မထွက်ကြရန် အာဏာပိုင်များက ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စု၌ ဒီဇင်ဘာ ၅ ရက်အထိ COVID-19 ကူးစက်သူ ၁၅ သန်းနီးပါးရှိခဲ့ပြီး သေဆုံးသူ ၂၈၇၈၂၅ ဦးရှိကြောင်း ရိုက်တာမှထုတ်ပြန်သော စာရင်းအင်းများအရ သိရသည်။ ကမ္ဘာပေါ်တွင် COVID-19 ကူးစက်သူဦးရေ ၆၆ သန်း ကျော်လွန်လာခဲ့ပြီး သေဆုံးသူမှာ ၁ ဒသမ ၅ သန်းကျော်လွန်ခဲ့ပြီဖြစ်သည်။

















