ထန်တလန်-နှာရိန်-မတူပီ ကားလမ်းအား ငွေကျပ် ၇ သန်းကျော်အကုန်အကျခံ၍ ဖောက်လုပ်လျက်ရှိ

ထန်တလန်-နှာရိန်-မတူပီ ကားလမ်းအား ငွေကျပ် ၇ သန်းကျော်အကုန်အကျခံ၍ ဖောက်လုပ်လျက်ရှိ

ချင်းပြည်နယ် နယ်စပ်ရေးရာဝန်ကြီးြာန၊ ချင်းပြည်နယ် ဖွံ့ဖြိုးရေးရုံး(ဟားခါး)မှ(၂ဝ၂ဝ-၂ဝ၂၁)ဘဏ္ဍာနှစ်နယ်စပ်ဒေသ ဖွံ့ဖြိုးရေး(ပြည်ထောင်စု)ရန်ပုံငွေ ကျပ် ၇ ဒသမ ၅ဝ၈ သန်းဖြင့်ထန်တလန်--နှာရိန်--မတူပီ ဆက်သွယ်သောကားလမ်းကို ဖောက်လုပ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''အခုလောလောဆယ် ထန်တလန်-နှာရိန်-မတူပီ ကားလမ်းမှာ နှာရိန်-စာလ်ထောင်လမ်း နှစ်မိုင်ကို ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ ချင်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်း ဆက်သွယ်သွားလာနိုင်တဲ့ လမ်းဖြစ်သလိုချင်းပြည်နယ် မြို့တော်ဟားခါးနှင့်တိုက်ရိုက်ဆက်သွယ်သွားလာနိုင်တဲ့လမ်း ဖြစ်ပါတယ်။ ချင်းပြည်နယ်မတူပီနှင့်ဆိုရင် မတူပီ- ရေဇွာ- ဟားခါးလမ်းဆိုရင် ရာသီမရွေး သွားလာနိုင်တဲ့လမ်းဖြစ်ပါတယ်။ အခု ထန်တလန်-နှာရိန်- မတူပီ ကားလမ်းကတော့ မြေသားလမ်းအဖြစ် ဖောက်လုပ်နေတာဖြစ်ပါတယ်။ နောက်ပိုင်း ကျောက်ခင်းလမ်းအဖြစ် အဆင့်မြှင့်တင်မှာဖြစ်ပြီး ရာသီမရွေး သွားလာနိုင်တဲ့ ကတ္တရာလမ်းအဖြစ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု ၎င်းကပြောသည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဖောက်လုပ်သည့် ထန်တလန-်နှာရိန်-မတူပီ ကားလမ်းပြီးစီးသွားပါက ဟားခါး- ထန်တလန်- မတူပီတိုက်ရိုက်ဆက်သွယ်သွားလာနိုင်မည်ဖြစ်ပြီး သွားလာရေးခက်ခဲသည့်ထန်တလန်- နှာရိန် -မတူပီ အကြားရှိကျေးရွာပေါင်း (၂၇)ရွာ၊ လူဦးရေ(၈ဝဝဝ) ဝန်းကျင်မှာလည်း လူမှုရေး၊စီးပွားရေး၊ ကျန်းမာရေး၊ပညာရေးတိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်သည်။

''ကျွန်တော်တို့ဒေသမှာ လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့အတွက်ဒေသထွက် တောင်ယာသီးနှံ ခြံစိုက်သီးနှံ၊ မွေးမြူရေးတိရစ္ဆာန်တွေ ရောင်းဝယ်ဖို့ ခက်ခဲပါတယ်။ ကျွန်တော်တို့ဒေသက မတူပီဖက်လည်း မနီး၊ ဟားခါးဖက်လည်းမနီးပါဘူး၊ စားသောက်ကုန်စည်၊ လူသုံးကုန်စည်တွေကို အထမ်းနဲ့သယ်ယူရတဲ့ နေရာဒေသဖြစ်ပါတယ်၊အခုလို လမ်းဖောက်လုပ်ပေးတဲ့အတွက်ကျွန်တော်တို့ဒေသအနေနဲ့ ပထမဆုံးကျန်းမာရေးကိစ္စ အချိန်မီ ဆေးရုံဆေးခန်းပို့နိုင်သလို ဒေသထွက် အသီးအနှံတွေလည်း မြို့ကို တင်ပို့ရောင်းချနိုင်မှာဖြစ်လို့ စီးပွားရေး၊ လူမှုရေးကတော့မလွဲမသွေ တိုးတက်ကောင်းမွန်လာတော့မှာဖြစ်ပါတယ်''ဟု နှာရိန်မြို့ဒေသခံ ဦးထပ်နှင်းက ပြောသည်။

ချင်းပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး စီပွားရေး၊ လူမှုရေး၊ပညာရေး နောက်ကျကျန်ရစ်ခဲ့သည့်ထန်တလန်မြို့နယ်အတွင်း တိုးမြင့်ဆောင်ရွက်လျက်ရှိရာ(၂ဝ၂ဝ-၂ဝ၂၁) ဘဏ္ဍာနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု)ရန်ပုံငွေကျပ် ၁၁၄၇ ဒသမ ၁၅ သန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ချင်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှထုတ်ပြန်သည့် သတင်းများအရ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး