ကလေးမြို့ရှိ မြို့ရှောင်လမ်းအား အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်မည်

ကလေးမြို့ရှိ မြို့ရှောင်လမ်းအား အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်မည်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ၊ မြို့ရှောင်လမ်းအား အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

''ကျွန်တော်တို့ ကလေးမြို့ မြို့ရှောင်လမ်းဖောက်လုပ်ရေးကို ဒီနေ့ကွင်းဆင်းကြည့်ရှုပါတယ်။ ဒေသခံအဖွဲ့တွေလည်း ပါတယ်၊ အဖွဲ့စုံပါတယ်၊ အဝေးပြေးကုန်ကားဘတ်စ်ကားတွေ မြို့ထဲဖြတ်မသွားတော့ဘဲ အခု မြို့ရှောင်လမ်းကနေသွားနိုင်အောင် အမြန်ဆုံးဆောင်ရွက်မှာဖြစ်ပါတယ်''ဟု ၎င်းကပြောသည်။

ကလေးမြို့တွင် မြို့ရှောင်လမ်းအဖြစ်ဖောက်လုပ်ရန် လွန်ခဲ့သည့် လေးငါးဆယ်နှစ်မှစတင်၍ သက်ဆိုင်ရာမှ လျာထားသတ်မှတ်ခဲ့ခြင်းများရှိရာ ကလေးမြို့ချင်းဆိုင်ရွာ၊ သာစည်ရွာများဖက်မှ ကလေးမြို့ စက်မှုဇုန်ဖက်သို့လည်းကောင်း၊ချင်းဆိုင်၊ နှောညောင်ပင်၊ အောင်မေတ္တာ၊ ဖောင်ကူးလမ်းကိုလည်းကောင်းလျာထားလမ်းကြမ်း ဖောက်လုပ်မှုများ လုပ်ကိုင်ခဲ့ကြသည်။ ယခုအခါ ကလေးခရိုင်အဆင့်၊ မြို့နယ်အဆင့် တာဝန်ရှိများလမ်းကြောင်းများကို ကွင်းဆင်းကြည့်ရှုမှုများဆောင်ရွက်လျက်ရှိသည်။

''ကျွန်တော့်သဘောကတော့ ချင်းဆိုင်-နှောညောင်ပင်- အောင်မေတ္တာလမ်းကိုပိုကြိုက်ပါတယ်၊ ချင်းဆိုင်-မြို့ သာ-အောင်မေတ္တာ- ကလေးမြို့ကို လမ်းရှိပြီးသားပါ၊အောင်မေတ္တာ-ဖောင်ကူးလမ်းကို အကောင်အထည်ဖော်ဖို့လိုအပ်ပါတယ်၊ နောက်ပြီးအောင်မေတ္တာရပ်ကွက်နဲ့ ဥယျာဉ်ရွာကို တံတားထိုးလိုက်မယ်ဆိုရင် မင်းကင်းမြို့နယ် တောင်တွင်းဒေသတွေအထိ ဆက်စပ်စည်ကားသွားမယ်။ အဆင်ပြေသွားမယ်၊ ပြီးတော့ ကျွန်တော်တို့ ယာကြီးလမ်း၊ မဟာမြိုင်ဖြတ် ကလေးဝ- ရေဦးလမ်းတွေနဲ့လည်း ဆက်စပ်လို့ရတယ်''ဟု ကလေးမြို့နယ် ပုဂ္ဂလိကယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီဥက္ကဌ ဦးစိုးဝင်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး