ရန်ကုန် အနောက်ပိုင်းခရိုင်မှ ကိုယ်စားလှယ်လောင်း ထက်ဝက်ကျော် ကုန်ကျစရိတ် တင်ပြီး၊ ဒေါ်သက်သက်ခိုင် ကျပ်သိန်း ၉၀ ကျော်သုံးစွဲခဲ့

ရန်ကုန် အနောက်ပိုင်းခရိုင်မှ ကိုယ်စားလှယ်လောင်း ထက်ဝက်ကျော် ကုန်ကျစရိတ် တင်ပြီး၊ ဒေါ်သက်သက်ခိုင် ကျပ်သိန်း ၉၀ ကျော်သုံးစွဲခဲ့

နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော လွှတ်တော် ကိုယ်စားလှယ်လောင်းအသီးသီးက ရွေးကောက်ပွဲ ကုန်ကျစရိတ်များ(ပုံစံ- ၂၀)တင်သွင်းလျက်ရှိရာ ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်မှ ကိုယ်စားလှယ်လောင်း တစ်ဝက်ကျော် ရွေးကောက်ပွဲ ကုန်ကျစရိတ် တင်သွင်းပြီးဖြစ်ကြောင်း သိရသည်။

ထိုအထဲ PPP ပါတီဟုလူသိများသော ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ခေါင်းဆောင် ဒေါက်တာ သက်သက်ခိုင်က ကျပ် ၉၆ သိန်းကျော်အထိ သုံးစွဲခဲ့ပြီး ၎င်း၏ပြိုင်ဘက် မရမ်းကုန်းမြို့နယ် အနိုင်ရပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မေဝင်းမြင့်က ကျပ် ၈၈ သိန်းကျော်သုံးစွဲခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက မြန်မာတိုင်းမ်သို့ပြောသည်။

ဒေါက်တာ သက်သက်ခိုင်သည် ရွေးကောက်ပွဲကာလအတွင်း လူမှုကွန်ရက်မှတစ်ဆင့်အခပေးကြော်ငြာခဲ့သည့် ပုဂ္ဂိုလ်များအတွင်း ငွေကြေးသုံးစွဲမှု အများဆုံးအဖြစ် တွေ့ရှိရကာ Facebook က လွှင့်တင်ပေးထားသော Facebook AD Library အရ အမေရိကန်ဒေါ်လာ ၂၂၇၄(ကျပ်သိန်း ၃၀ နီးပါး)အထိ သုံးစွဲခဲ့ကြောင်း သိရသည်။

ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်း ပါတီ ၁၁ ခုမှ ကိုယ်စားလှယ်လောင်း ၁၈၁ ဉီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ယင်းခရိုင်ကော်မရှင်အဖွဲ့ခွဲထံသို့ ဒီဇင်ဘာ ၇ ရက်နေ့လယ်ပိုင်းအထိ ကိုယ်စားလှယ်လောင်း ၁၀၀ ဉီးကျော်အထိ အသုံးစရိတ်လာရောက်တင်ပြခဲ့ပြီးဖြစ်ကြောင်း သိရသည်။

“ ဒီနေ့(ဒီဇင်ဘာ ၇ ရက်)လည်း လာပြီးတင်နေကြတယ်။ လူတွေတော်တော်များတယ် ” ဟု အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောသည်။

ဒီဇင်ဘာ ၅ ရက်နေ့က သမ္မတ ဉီးဝင်းမြင့်က ၎င်းဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် တောင်ပိုင်းခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံသို့ ရွေးကောက်ပွဲ ကုန်ကျစရိတ်(ပုံစံ ၂၀)လာရောက်တင်သွင်းခဲ့ကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်လည်း ဒီဇင်ဘာလ ၃ ရက်နေ့က တောင်ပိုင်းခရိုင်ကော်မရှင်အဖွဲ့ခွဲသို့ ပုံစံ ၂၀ တင်ပြခဲ့ပြီး အသုံးစရိတ် ကျပ်သိန်း ၅၀ ခန့်ရှိကြောင်း သိရသည်။

ထို့ပြင် လက်ရှိရွေးကောက်ပွဲဖြစ်စဉ်ကို ကန့်ကွက်နေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ ဉီးခင်ရီ၊ ကိုကိုးကျွန်း ပြည်သူ့လွှတ်တော်အနိုင်ရအမတ် ဗိုလ်ချုပ် အောင်သော်(ငြိမ်း)တို့သည်လည်း ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းထားပြီး တောင်ပိုင်းခရိုင်အတွင်းရှိ ကိုယ်စားလှယ်လောင်းများအတွင်း အများဆုံးအသုံးစရိတ်အဖြစ် ကျပ်သိန်း ၇၀ ခန့်စီသုံးစွဲခဲ့ကြောင်း ယင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

“ ကျွန်တော် မတင်ရသေးဘူး။ မနက်ဖြန်(ဒီဇင်ဘာ ၈ ရက်)မှ သွားတင်မယ်။ အသုံးစရိတ်က (ကျပ်)သိန်း ၆၀ လောက်ရှိပါတယ် ” ဟု ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်မဲဆန္ဒနယ် အမှတ် ၁၁ က ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)လက်ရှိ အမျိုးသားလွှတ်တော် အမှတ် ၅ လွှတ်တော် ကိုယ်စားလှယ် ဉီးဘမျိုးသိန်းက ပြောသည်။

လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲများက ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်၏ အမည်စာရင်းကြေညာပြီး ရက်ပေါင်း ၃၀ အတွင်း ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်း(ပုံစံ ၂၀)ဖြည့်သွင်း၍ တင်ပြရမည်ဟု ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများတွင် ပြဋ္ဌာန်းသတ်မှတ်ထားရာ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကိုယ်စားလှယ်အားလုံး ဒီဇင်ဘာ ၁၃ ရက် နောက်ဆုံးထားတင်သွင်းရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားသည်။

တိုင်းနှင့် ပြည်နယ်များရွေးကောက်ပွဲနည်းဥပဒေများ၏ အခန်း(၁၃) ပုဒ်မ ၇၃ အပိုဒ်ခွဲ(ခ)တွင် “ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ရွေးကောက်ပွဲ ကုန်ကျစရိတ်အတွက် မိမိကိုယ်ပိုင်ငွေ၊ ပြည်တွင်းရှိ နိုင်ငံသားတစ်ဦးချင်းစီကဖြစ်စေ၊ ကုမ္ပဏီ(သို့)ကုမ္ပဏီအစုအဖွဲ့များကဖြစ်စေ တရားဝင်ရရှိထားသော ငွေကြေးများထဲမှ ထည့်ဝင်လှူဒါန်းသော ငွေ၊ သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းက ထောက်ပံ့သည့်ငွေ စသည့် ကျခံပြီးသည့် ကုန်ကျစရိတ်များ၊ အပိုဒ်ခွဲ(ဂ)တွင် လွှတ်တော်ကိုယ်စားလှယ်က ပေးရန်ကျန်ရှိသေးသည့် အသုံးစရိတ်ငွေများဟူ၍ တင်ပြရန်သတ်မှတ်ထားသည်။

ရွေးကောက်ပွဲ အသုံးစရိတ်ကို တိုင်းနှင့် ပြည်နယ်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တို့မှ ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများအတွက် ကျပ်သိန်း ၁၀၀ အထိသတ်မှတ်ထားသော်လည်း တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး မဲဆန္ဒနယ်များမှ ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများအတွက် ကျပ်သိန်း ၁၅၀ အထိ သုံးစွဲခွင့်ပြုထားကြောင်း ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများအရ သိရသည်။



ဖတ်ရှုမှုအများဆုံး