ဂျပန်နိုင်ငံမှ တီထွင်ခဲ့သည့် oo7ဟွန်ဒါစက်ရုပ်ထက် ခုနစ်နှစ်စောပြီး တီထွင်ခဲ့သော မြန်မာနိုင်ငံ၏ ပထမဉီးဆုံး စက်ရုပ်ကို အပြင်ပိုင်း ပြန်လည်ပြုပြင်ကာ အင်းစိန် GTI ကျောင်းဝင်းအတွင် ပြသထားမည်ဟု အင်းစိန် GTI ကျောင်းသား သမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ကိုဟိန်းညီညီကပြောသည်။
အဆိုပါစက်ရုပ်ကို နှစ် ၃ဝ ကျော်ကြာသည်အထိ အင်းစိန် GTI ကျောင်းသားဟောင်းများကတာဝန်ယူ ထိန်းသိမ်းခဲ့ပြီး အင်းစိန် GTI ကျောင်း၌ ပြသရန် ကျောင်းသားသမဂ္ဂထံ လွှဲပြောင်းပေးခဲ့ကြောင်း ကိုဟိန်းညီညီက ပြောသည်။ ၁၉၈၆ခုနှစ်တွင် အင်းစိန် GTI နည်းပြဖြစ်သူ ဉီးကြည်က ကျောင်းသားများ၏ အကူအညီဖြင့် အဆိုပါစက်ရုပ်ကို ကားဆေးမှုတ်ခြင်း နှင့် အရောင်းဝန်ထမ်းအဖြစ် ဝန်ဆောင်မှုပေးရန် ရည်ရွယ်ပြီးတည်ဆောက်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
“ဒီစက်ရုပ်က ဂျပန်မှာထွင်ခဲ့တဲ့ oo7 ဟွန်ဒါစက်ရုပ်ထက် ၇နှစ်စောပြီး ဆရာကြီး ဉီးကြည်ကထွင်ခဲ့တယ်။ အရင်တုန်းကတော့ စက်ရုပ်က ထိုင်နိုင်တယ်။ ထနိုင်တယ်။လှုပ်ရှားနိုင်တယ်။အခုတော့ ဘာထိန်းသိမ်းမှုမှမရှိခဲ့ တော့ ပျက်စီးသွားပြီ ”ဟု ကိုဟိန်းညီညီက ပြောသည်။
နည်းပြဖြစ်သူ ဉီးကြည်သည် အဆိုပါစက်ရုပ် တည်ဆောက်ရန် ၆ လခန့် အချိန်ယူခဲ့ရပြီး လိုအပ်သည် သံထည်များအား အင်းစိန် ဖော့ကန်ဈေးရှိ သံတိုသံစနှင့် ဒန်အိုးဒန်ခွက်များ စုဆောင်းပြီးတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ အပြီးသတ် တီထွင်ပြီး ပြပွဲတချို့၌ ပြသခဲ့ရာ စက်ရုပ်၏လှုပ်ရှားမှုနှင့်ပတ်သက်၍ လူအများစုကို ဖမ်းစားနိုင်ခဲ့သည်ဟု ကိုဟိန်းညီညီကပြောသည်။ ဉီးကြည်ထွင်ခဲ့သော ဆေးမှုတ် စက်ရုပ်မှာ လူကြိုက် အများဆုံးဖြစ်ခဲ့သည်။
ဆေးမှုတ် စက်ရုပ်နှင့်ပတ်သက်၍ အစိုးရထံလိုအပ်သည့် အကူအညီများတောင်းခံရာ အားပေးထောက်ခံမှု မရခဲ့သည့်အပြင် နောက်ထပ်တီထွင် ထုတ်လုပ်မှုများ ဆက်မလုပ်ရန်ဖိအားပေးခံခဲ့ရသည်။ ၁၉၈၈ ခုနှစ်ရေးအခင်း ဖြစ်ပြီး နောက်ပိုင်းတွင် ကျောင်းသားဟောင်းများက အဆိုပါစက်ရုပ်ကို လွှဲပြောင်း ရယူထိန်းသိမ်းခဲ့သည်။
“ဆေးမှုတ်တဲ့ စက်ရုပ်နဲ့ပတ်သက်ပြီး အဲဒီစက်ရုပ်ကို အစိုးရအနေနဲ့ အကူအညီပေးဖို့ တင်ပြတဲ့အခါမှာ ဘာအကူအညီမှ မရတဲ့အပြင် ဒီလိုမျိုးစက်ရုပ်တွေ ထပ်မထွင်ဖို့လည်းတားမြစ်ခံခဲ့ရတယ်လို့ သိရပါတယ်။။ ရှိပြီးသား စက်ရုပ်တွေကိုတွေ ဖျက်ဆီးမခံခဲ့ရဘူး။ ပြပွဲတွေမှာ လက်တွေ့ ဆေးမှုတ်ပြတာတို့ လုပ်ပြနိုင်ခဲ့ပါတယ်”ဟု GTI GTIကျောင်းသားသမဂ္ဂ ဉက္ကဋ္ဌ ကိုဇင်မိုးကပြောသည်။
အဆိုပါစက်ရုပ်များ တီထွင်နိုင်ခဲ့ခြင်းမှာ နိုင်ငံအတွက် ဂုဏ်ယူစရာဖြစ်သည်အပြင် သမိုင်းကြောင်းတွင် ယင်းစက်ရုပ် များတီထွင်ခဲ့သည်ကို အများပြည်သူ သိရှိစေရန် ယခုကဲ့သို့ပြသရခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ ကျောင်းသားသမဂ္ဂအနေဖြင့် ယင်းစက်ရုပ်ကို ပြန်လည်အသက်သွင်းတော့မည် မဟုတ်ဘဲ အပြင်ပိုင်းပြင်ဆင်မှုများသာ ပြုလုပ် ပြသထားမည်ဟု ကိုဇင်မိုးကပြောသည်။
ဆရာဉီးကြည်သည် ၁၉၃၄ခုနှစ် တနင်္သာရီတိုင်း၊ ထားဝယ်မြို့၌ ဉီးဘလှိုင် ဒေါအမာတို့က မွေးဖွားခဲ့သည်။ ၁၉၅၄ ခုနှစ် အင်းစိန် GTI ကျောင်း၌ မြို့ပြအင်ဂျင်နီယာ ဒီပလိုမာဘွဲ့ရခဲ့ပြီး ယင်းကျောင်းမှာပင် နည်းပြဘဝဖြင့် ၁၉၈၆ ခုနှစ်တွင် စက်ရုပ်များကို တီထွင်ခဲ့သည်။

















