ဟောင်ကောင်အရေးနှင့် ပတ်သက်ပြီး ဒါဇင်နှင့်ချီသော တရုတ်အစိုးရ အရာရှိများကို အမေရိကန်က အရေးယူပိတ်ဆို့မှုများ ပြုလုပ်မည်ဟု သတင်း ထွက်နေခြင်းကြောင့် အမေရိကန်အစိုးရသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေး ကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနက ဒီဇင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။
ဟောင်ကောင် ဒီမိုကရေစီအရေး လိုလားသူ လွှတ်တော်အမတ် ၄ ဦး အား ရာထူးမှ ဖယ်ရှားပြီး ထိန်းသိမ်းခဲ့ခြင်းကြောင့် အမေရိကန်အနေဖြင့် ဒါဇင်နှင့်ချီသော တရုတ်အစိုးရ အရာရှိများအား အရေးယူပိတ်ဆို့မှု ပြုလုပ် ရန် ပြင်ဆင်နေပြီဟု ရိုက်တာသတင်းဌာနက ဒီဇင်ဘာ ၇ ရက်တွင် ဖော်ပြ ခဲ့သည်။
ထို့ကြောင့် အမေရိကန်သည် တရုတ်၏ ပြည်တွင်းရေးကို ကြားဝင် စွက်ဖက်နေပြီး မှားယွင်းသည့်လုပ်ရပ်များအတွက် နောက်ပြန်မလှည့်ပါက တရုတ်အနေဖြင့် တန်ပြန်အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချန်းယင်က ပြော ကြားခဲ့သည်။
သို့သော် ယခုသတင်းနှင့် ပတ်သက်၍မူ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက တုံ့ပြန်ခြင်းမရှိသလို အစိုးရအဖွဲ့ကလည်း မှတ်ချက်ပြုခြင်း မရှိသေးပေ။
အမေရိကန်သည် တရုတ်နိုင်ငံ၏ လက်ရှိအာဏာရပါတီ လွှတ် တော်အမတ်များ၊ အစိုးရအဖွဲ့ဝင်များအပေါ်တွင် ငွေကြေးအရ ပိတ်ဆို့အရေး ယူမှု၊ ပြည်ဝင်ခွင့်နှင့် ပိုင်ဆိုင်မှုများ ပိတ်သိမ်းခြင်းစသည့် အရေးယူမှုများကို လုပ်ဆောင်သွားဖွယ်ရှိကြောင်း သတင်းရင်းမြစ်နှစ်ခုက ဖော်ပြခဲ့ကြသည်။

















