အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် သေဆုံးသည့်ဝက်များအားစည်းကမ်းမဲ့စွန့်ပစ်နေမှု အရေးယူမည်

အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် သေဆုံးသည့်ဝက်များအားစည်းကမ်းမဲ့စွန့်ပစ်နေမှု အရေးယူမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် အင်းစိန်ကျေးရွာမှ စတင်ဖြစ်ပွားသည့်အာဖရိကအပြင်းဖျားရောဂါကြောင့် သေဆုံးသည့်ဝက်များအားအမှိုက်ပုံ၊ ချောင်းနှင့်မြောင်းများ၌စည်းကမ်းမဲ့စွန့်ပစ်နေမှုကို အရေးယူသွားမည်ဖြစ်ကြောင်း ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

''ကျွန်တော်တို့ ကလေးခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေနှင့်ဝက်ရောဂါဖြစ်ပွားတဲ့ ကျေးရွာတွေနှင့်ဆက်စပ်ကျေးရွာတွေအထိ ကွင်းဆင်းပြီးကာကွယ်ရေးလုပ်ငန်း၊ ကုသရေးလုပ်ငန်း၊ ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ အကြောင်းအမျိုးမျိုးနဲ့သေဆုံးတဲ့ဝက်တွေကိုလည်း ဘာ့ကြောင့်သေရတယ်ဆိုတာကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကို အကြောင်းကြားဖို့လိုပါတယ်။ ဝက်အသေကောင်တွေကိုချောင်းထဲမြောင်းထဲ စွန့်ပစ်တာတို့အမှိုက်ပုံမှာ သွားရောက်စွန့်ပစ်တာတို့ကတော့ မြို့နယ်စည်ပင်သာယာဌာန၊ရပ်ကွက်တာဝန်ရှိသူတွေ ပူးပေါင်းပြီးအရေးယူတာခံရနိုင်တဲ့အတွက် အမှိုက်ပုံ၊ ချောင်းထဲမြောင်းထဲစွန့်ပစ်ခြင်းထက်မြေမြုပ်တာကောင်းပါတယ်''ဟု၎င်းကပြောသည်။

ကလေးမြို့နယ်အတွင်း ဝက်ခြံများတွင်ဖြစ်ပွားနေသည့် အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ကုသရေးနှင့်ပတ်သက်၍ ယနေ့မြို့နယ်စည်ပင်သာယာရေးတာဝန်ရှိများ၊ ကလေးခရိုင်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရပ်ကွက်၊ ကျေးလက်အထွေထွေအုပ်ချုပ်ရေးမှူးများ အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်တားဆီးကုသနိုင်ရေးအတွက် ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

''ကျွန်တော်တို့ ကလေးမြို့နယ်အတွင်း ဝက်ရောဂါဖြစ်ပွားတဲ့ ကျေးရွာတွေကိုကွင်းဆင်းပြီး ဝက်ခြံသန့်ရှင်းရေး၊အမိုးအကာထားရှိရေး ဝက်ကျွေးတဲ့အစားအစာတွေကို အပူပေးပြီးမှကျွေးမွေးဖို့ ဝက်ရောဂါဖြစ်ပြီး သေဆုံးရင်အသားပေါ်မရောင်းဘဲ မိမိခြံဝင်းအတွင်းမှ တွင်းနက်နက်တူးမြုပ်နှံဖို့။ဝက်တွေကို ဗီတာမင်အားဆေးကျွေးမွေးဖို့ စတာတွေကိုပညာပေးဟောပြောမှုတွေဆောင်ရွက်ပြီး အချို့ဝက်တွေကိုအားဆေးတိုက်ကျွေးမှု လိုအပ်တဲ့ကာကွယ်ဆေးထိုးနှံပေးမှုတွေ ဆောင်ရွက်ပါတယ်''ဟု ကလေးမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကလေးမြို့နယ်အတွင်း တစ်ပိုင်တစ်နိုင် ဝက်မွေးမြူသည့် ဝက်ခြံများတွင် အာဖရိကအပြင်းဖျား ဝက်ရောဂါကျရောက်မှုမရှိစေရန်နှင့် အခြားသောဝက်ရောဂါများမဖြစ်ပွားစေရန် ကလေးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများဦးဆောင်၍တိရစ္ဆာန်ကျန်းမာရေးလုပ်သား(၂၁)ဦးတို့သည် သက်ဆိုင်ရာရပ်ကွက်၊ကျေးရွာတာဝန်ရှိများ လိုက်ပါကာပိုးသတ်ဆေးဖြန်းခြင်း ပညာပေးဟောပြောခြင်းတို့ကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး