ယနေ့ နည်းပညာခေတ်ကြီးတွင် Computer Science ဟုခေါ်သော ကွန်ပျူတာသိပ္ပံဘာသာရပ်နှင့် Artificial Intelligence ဟုခေါ်သော ဉာဏ်ရည်အတုဘာသာရပ်တို့သည် နေရာတိုင်းတွင် ပါဝင်ပတ်သက်နေပါသည်။
ကျွန်ုပ်တို့၏ နေ့စဉ်ဘဝတွင် အသုံးပြုနေသော ကွန်ပျူတာ၊ ဖုန်း၊ အင်တာနက် အစရှိသည့် နည်းပညာများသည် Computer Science နှင့် Artificial Intelligence ဘာသာရပ်များအပေါ် အဓိကမှီခိုနေပါသည်။ ယခုဆိုလျှင် စိုက်ပျိုးရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ စီးပွါးရေး၊ ဆောက်လုပ်ရေး၊ ကျန်းမာရေး အစရှိသည့် နယ်ပယ်အားလုံးတွင်လည်း Computer Science နှင့် Artificial Intelligence သည် အရေးကြီးသော ကဏ္ဍများမှ တဖြည်းဖြည်းချင်းဆီပါဝင်လာတော့မည်ဖြစ်ပါသည်။ Computer Science၊ Artificial Intelligence နှင့် သက်ဆိုင်သော အလုပ်အကိုင်များသည် လစာအများဆုံးရရှိနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်း အရေအတွက်ကလည်း အလွန်များပြားလာကာ လာမည့်ခုနှစ်များတွင် တခြားအလုပ်အကိုင်အခွင့်အလမ်းများထက်နှစ်ဆမြန်ပြီး တိုးပွါးလာမည်ဖြစ်သည်။
ကလေးများအတွက် Computer Science
Computer Science ဘာသာရပ်သည် နေရာတိုင်းတွင် ပါဝင်ပတ်သက်နေသည့်အတွက် ကလေးတစ်ယောက်အနေဖြင့် မည်သည့်နယ်ပယ်ရပ်ကို စိတ်ဝင်စားသည်ဖြစ်စေ Computer Science ကိုလေ့လာခြင်းသည် အကျိုးရှိစေမည်ဖြစ်သည်။ Computer Science အခြေခံသင်ခန်းစာများကို လေ့လာသောအခါ နည်းစနစ်ကျကျ တွေးခေါ်တတ်သော Logical Thinking Skill နှင့် ပြဿနာဖြေရှင်းနိုင်သော Problem Solving Skill များ ရရှိနိုင်မည်ဖြစ်သည်။ ကလေးများအနေဖြင့် ကျောင်းတွင် အပင်များအစာချက်လုပ်ပုံ၊ တိရစ္ဆာန်များအစာချေဖျက်ပုံ အစရှိသော အကြောင်းအရာများကို သင်ယူလေ့လာရသကဲ့သို့ ဖုန်း Application (အက်ပလီကေးရှင်း) တစ်ခု ဖန်တီးခြင်း၊ Website (ဝက်ဘ်ဆိုက်) တစ်ခု တည်ဆောက်ခြင်း၊ အင်တာနက် အလုပ်လုပ်ပုံ အစရှိသည်တို့ကို သင်ယူနိုင်သော အခွင့်အရေးရရှိရန် လိုအပ်ပါသည်။ ဤအချက်များကြောင့် နိုင်ငံတော်တော်များများတွင် Computer Science နှင့် Artificial Intelligence ဘာသာရပ်များနှင့် ပတ်သက်သော သင်ခန်းစာများကို အခြေခံပညာအဆင့်တွင် ထည့်သွင်းသင်ကြားနေကြပြီဖြစ်ပါသည်။
သိပ္ပံ Hub
မြန်မာနိုင်ငံတွင်မူ Computer Science နဲ့ Artificial Intelligence ဘာသာရပ်များသည် အခြေခံပညာသင်ရိုးတွင် ပါဝင်ခြင်းမရှိသေးပါ။ အင်တာနက်တွင် ကိုယ်တိုင်သွားရောက်လေ့လာနိုင်သော်လည်း အင်္ဂလိပ်စာ မကျွမ်းကျင်သော ကလေးများအတွက် အခက်အခဲတစ်ခုအနေဖြင့် တည်ရှိနေပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံမှ မည်သည့်ကလေးငယ်မှ နည်းပညာခေတ်ကြီးတွင် နောက်ကျမကျန်ခဲ့စေရန် ရည်ရွယ်ပြီး “သိပ္ပံ Hub” ကို စတင်ခဲ့ရခြင်းဖြစ်ပါသည်။
ယခုလို Covid ကပ်ရောဂါအချိန်ကာလတွင် ကျောင်းအားလုံးပိတ်ထားရသည့်အတွက် ကလေးရော၊ လူငယ်များပါ အားလပ်ရက်ရှည်ရနေကြပါသည်။ ဤကဲ့သို့အချိန်မျိုးတွင် အကျိုးရှိစေရန်ရည်ရွယ်၍ သိပ္ပံ Hub ကို စတင်မိတ်ဆက်ခဲ့ပြီး ကလေးများအတွက် Computer Science တန်းခွဲများဖွင့်လှစ်ကာ လူငယ်များအတွက် volunteer လုပ်နိုင်ဖို့အခွင့်အရေးများပေးနိုင်ခဲ့ပါသည်။
သိပ္ပံ Hub သည် ယခုလက်ရှိတွင် Computer Science အခြေခံကို မြန်မာတစ်နိုင်ငံလုံးရှိ အသက် ၁၀ နှစ်မှ ၁၄ နှစ် ကလေးများအား သင်တန်းကြေး "အခမဲ့" ဖြင့် သင်ကြားပေးလျက်ရှိပါသည်။ အောက်တိုဘာလ ၁၂ ရက်နေ့မှ စ၍ မည်သူမဆိုတက်ရောက်နိုင်သော Online အတန်းများကိုစတင်ဖွင့်လှစ်ခဲ့ပါသည်။ ထို့အပြင် မော်လမြိုင်မြို့ရှိ ကိုယ်ပိုင် အထက်တန်းကျောင်းတစ်ခုဖြစ်သော " ပါရမီ " ကျောင်းနှင့်လည်း ပူးပေါင်ပြီး ကျောင်းသား အယောက် ( ၁၁၄ ) ယောက် ကိုသင်ကြားပေးနိုင်ခဲ့ပါသည်။ ယခု ဒီဇင်ဘာလတွင်လည်း TTC ကျောင်းမှ ကျောင်းသားအယောက် (၂၀၇) ယောက် အတွက်ကိုလည်း သီးသန့်တန်းခွဲများ ဖွင့်လှစ်၍ သင်ကြားသွားရန်ရှိပါသည်။ ထို့ကြောင့် ၂၀၂၀ ခုနှစ်တွင် သိပ္ပံ Hub မှ Computer Science သင်ကြားပေးခဲ့သော ကလေးငယ်ပေါင်း ( ၅၆၆ ) ယောက်ရှိနှင့်ပြီးဖြစ်ပြီး နောက်ထပ်များစွာသော ကလေးများကို သင်ကြားနိုင်ရန်အတွက်လည်း ပညာရေးအဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက်လျက်ရှိပါသည်။
တန်းခွဲများသာမက မိဘ၊ ကလေးနှင့် လူငယ်အားလုံးအတွက် အကျိုးပြုစေသော Talk Show များ၊ သတင်းအချက်လက်များ၊ ဗဟုသုတများ၊ ပဟေဋ္ဌိ နှင့် ကလေးများအတွက် ပြိုင်ပွဲများ အစရှိသော အစီစဉ်များကိုလည်း Thate Pan Hub Facebook Page တွင် အစဉ်အမြဲ ဖော်ပြလျက်ရှိပါသည်။
လာမည့် ၂၀၂၁ ခုနှစ်တွင် တန်းခွဲများစွာ ဖွင့်လှစ်နိုင်ရန်နှင့် ပညာပေးအစီစဉ်များစွာကို ဖန်တီးမျှဝေပေးနိုင်ရန်ရည်ရွယ်ထားပြီး ကြိုးစားစီစဉ်လျက်ရှိပါသည်။ ယခုအချိန်တွင် သိပ္ပံ Hub သည် အကျိုးအမြတ်မယူသော လူထုအကျိုးပြုစီးပွါးရေး တစ်ခုအဖြစ်ရပ်တည်နေပြီး နောင်တွင် ယခုထက် ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် အားလုံး၏ ထောက်ပံ့ကူညီမှုများစွာ လိုအပ်လျက်ရှိပါသည်။ လူငယ်များ၏ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက်ဖြင့် သိပ္ပံ Hub ကို ပုံဖော်ထားခြင်းသာဖြစ်သည့်အတွက်ကြောင့် သိပ္ပံ Hub ၏ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် ကူညီထောက်ပံ့လိုသူ အားလုံးကို လက်ကမ်းကြိုဆိုလျက်ရှိပါသည်။ မြန်မာနိုင်ငံမှ ကလေးများအနေဖြင့် ကွန်ပျူတာသိပ္ပံဘာသာရပ်ကို လေ့လာနိုင်ရန် သိပ္ပံ Hub အနေဖြင့် တစ်ထောင့်တစ်နေရာကနေ ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် ရန်ပုံငွေများကို လက်ခံလျက်ရှိပါသည်။ ထို့အတွက်ကြောင့် တစ်စိတ်တစ်ပိုင်းပါဝင်ကူညီချင်ပါက အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ် မေးမြန်း၍ စုံစမ်းနိုင်ပြီး ဖုန်းနံပါတ် - Thet Hnin Satt 09773270096 နှင့် ဘဏ်အကောင့်များ - THET HNIN SATT KBZ- 27930127900667801, AYA- 0093201010061746, CB- 0113600500042595, KBZ Pay – 09773270096, Wave Money- 09773270096, 0093201010061746 များသို့ပေးပို့လှူဒါန်း နိုင်ပြီး အသေးစိတ်ကို Thate Pan Hub Facebook Page - https://web.facebook.com/thatepanhubmm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

















