ထိုင်းနိုင်ငံအတွင်း အလုပ် လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများနှင့် ထိုင်းလုပ်ငန်းရှင်များ ပူးပေါင်း၍မြန်မာနိုင်ငံအတွင်း ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် စားသောက်ရေးအခက်အခဲ ဖြစ်ပေါ်နေသော အခြေခံအလုပ်သမားများအတွက် ကျပ်သိန်း ၃၅ဝ တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်းများအား ဒီဇင်ဘာ ၇ ရက် မွန်းလွဲပိုင်းကမြန်မာ-ထိုင်းနယ်စပ် အမှတ်(၂) တံတားကြီးမှတစ်ဆင့် လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စားသောက်ကုန်ပစ္စည်းများကို မြဝတီအခြေစိုက် AAC အလုပ်သမား ကူညီရေးအဖွဲ့ တာဝန်ခံ ကိုရဲမင်းမှ လက်ခံရယူပြီး ကရင်ပြည်နယ်အတွင်းရှိ COVID-19 ရောဂါ ထိန်းချုပ်မှုကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများနှင့် ဆွမ်းအခက်အခဲဖြစ်သော ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
''ထိုင်းနိုင်ငံ နခွန်ပထွန်ခရိုင်မှာရှိတဲ့ နဂါးပတ်ကျောင်းထိုင်ဆရာတော်က မတည်လှူဒါန်းတဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ ဆရာတော်ကြီးရဲ့ စီစဉ်မှုနဲ့ထိုင်းနိုင်ငံသားတွေ၊ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ၊ ထိုင်းလုပ်ငန်းရှင်တွေ ပူးပေါင်းပြီး လှူဒါန်းကြတာဖြစ်ပါတယ်။ ဒီကုန်ပစ္စည်းတွေကို ကျွန်တော့်ဆီ ပို့ပေးတာဖြစ်ပြီး ကျွန်တော်က ဒေသအာဏာပိုင်တွေနဲ့ ချိတ်ဆက်ကာ ပရဟိတ အသင်းအဖွဲ့တွေကနေတစ်ဆင့် ဘုန်းကြီးကျောင်းတွေနဲ့ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကိုခွဲဝေလှူဒါန်းပေးသွားမှာပါ''ဟု မြဝတီအခြေစိုက် AAC မြန်မာ့အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့်အဖွဲ့တာဝန်ခံ ကိုရဲမင်းကပြောသည်။
ထိုင်းနိုင်ငံမှ လှူဒါန်းသည့်ပစ္စည်းများမှာ ဆန် ငါးကီလိုအိတ် ၂ဝဝဝ၊ ဆီတစ်လီတာဗူး ၁၅ဝဝ၊ မားမားခေါက်ဆွဲထုတ် ဖာ ၁ဝဝဝဝ၊ နှာခေါင်းစည်းဖာ ၁ဝဝ,ဝဝဝ၊ ငါးသေတ္တာဗူး ၁ဝဝဝဝ၊ဟန်းဂျယ်လက်ဆေးရည်ဗူး ၃ဝဝဝ၊ ပိုးသတ်ဆေးပုံးကြီး ၂ဝဝ စသည်တို့ ဖြစ်ပြီး ကာလတန်ဖိုး ကျပ်သိန်း ၃၅ဝ ခန့်ဖြစ်ကြောင်း သိရသည်။
















