ဂျပန်နိုင်ငံက အဆင့်မြ§င့်တင်မှုလုပ်ငန်းများဆောင်ရွက်နေသည့် ရန်ကုန်မြို့ပတ်လမ်းနှင့် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းများ၌ အသုံးပြုမည့် ရထားတွဲအသစ် ၂၄၆ တွဲအား မြန်မာနိုင်ငံသို့ ၂ဝ၂၃ ခုနှစ်မှစတင်ကာ ဆက်တိုက်ပေးပို့ရန် စီစဉ်ထားကြောင်း Mitsubishi Corporation က ဒီဇင်ဘာ ၈ရက်တွင်ထုတ်ပြန်ခဲ့သည်။
လက်ရှိအချိန်၌ ဂျပန်နိုင်ငံအစိုးရ၏ တရားဝင်ဖွံ့ဖြိုးမှုအစီအစဉ် (Official Development Assistance ODA)အရ မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားနှင့် ပူးပေါင်းကာ ရန်ကုန်မြို့ပတ်ရထားလမ်းနှင့် ရန်ကုန်-မန္တလေးရထားလမ်းများအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေခြင်း ဖြစ်သည်။ အဆိုပါလမ်းပိုင်းများတွင် ပြေးဆွဲအသုံးပြုရန်လျာထားသည့် ရထားတွဲအသစ် ၁၄၆ တွဲအား မြန်မာနိုင်ငံသို့ ၂ဝ၂၃ ခုနှစ်မှစတင်ကာ ၂ဝ၂၅ ခုနှစ်အတွင်း ဆက်တိုက်ပေးပို့သွားရန် စီစဉ်ထားသည်ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒီဇင်ဘာ ၇ ရက်က Mitsubishi Corporation နှင့် မြန်မာ့မီးရထားတို့အကြား ရထားတွဲများပေးပို့မည့် အစီအစဉ်များနှင့်ပတ်သက်၍ သဘောတူစာချုပ်ချုပ်ဆိုခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါရထားတွဲများအားစပိန်နိုင်ငံ၏ အကြီးဆုံးရထားတွဲထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် CAF ကုမ္ပဏီက ဂျပန်နိုင်ငံထုတ်ပစ္စည်း ကိရိယာအချို့ကိုအသုံးပြု၍ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ပတ်ရထားလမ်းတွင် ပြေးဆွဲမည့် ရထားတွဲများသည် အမြင့်ဆုံးမြန်နှုန်း တစ်နာရီလျှင် ၆ဝ ကီလိုမီတာဖြင့်ပြေးဆွဲပြီး မြို့ပတ်ရထားလမ်းတစ်ပတ်ပြေးဆွဲချိန်သည် လက်ရှိအချိန်၌ မိနစ် ၁၇ဝ ခန့်ကြာမြင့်နေရာမှ စီမံကိန်းပြီးစီးပါက မိနစ် ၁၁ဝ ခန့်အထိ လျှော့ချနိုင်မည်ဖြစ်ကြာင်း သိရသည်။
ရန်ကုန်-မန္တလေး ရထားလမ်းတွင် ပြေးဆွဲမည့် ရထားတွဲများသည် အမြင့်ဆုံးမြန်နှုန်း တစ်နာရီလျှင် ၁ဝဝ ကီလိုမီတာဖြင့် ပြေးဆွဲမည်ဖြစ်သည်။ ကီလိုမီတာ ၆၂ဝ ခန့် ရှည်လျားသည့် ရန်ကုန်-နေပြည်တော်-မန္တလေး လမ်းပိုင်းသည်လက်ရှိအချိန်၌ ပြေးဆွဲချိန် ၁၅ နာရီခန့်ကြာမြင့်ရာက စီမံကိန်းပြီးစီးပါကကြာမြင့်ချိန် ၈ နာရီခန့် ကြာမည်ဖြစ်သည်။ ဂျပန်နိုင်ငံအစိုးရအနေဖြင့်မြန်မာနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ထောက်ပံ့ကူညီမှုများနှင့်ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
















