နိုဝင်ဘာ ၈ ရက်တွင် အထွေထွေရွေးကောက်ပွဲ ပြီးစီးခဲ့ပြီးသည့်နောက် ရွေးကောက်ပွဲ အသုံးစရိတ် ပုံစံ ၂ဝကို လာရောက် တင်ရန် ကယားပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က နှိုးဆော်ထားပြီး လက်ရှိတွင် ပုံစံ ၂ဝ တင်သွင်းရန် ၁ဝ ဦးမျှ ကျန်နေသေးကြောင်း ကယား ပြည်နယ် ရွေးကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
'' ပုံစံ ၂ဝ ရွေးကောက်ပွဲ အသုံးစရိတ် ၁၂၃ ဦး တင်ပြီးပြီ။ ကိုယ်စားလှယ်လောင်း ၁၀ ဦး ပဲ ကျန်တော့ပါတယ်။ အခု ရုံးပိတ်ရက်ကိုပဲ လာလိုက်ပေးနေပါတယ်။ ရွေးကောက်ပွဲ အသုံးစရိတ်ကတော့ ကိုယ်စားလှယ် သုံးတဲ့ အနည်းနဲ့ အများအလိုက် ရှိကြတာပေါ့။ ကျပ် သိန်း ၂ဝ ကျော်ကနေ ၃ဝ ကျော် ကျတဲ့သူကလည်း ကြတယ်။ များလည်း ကျပ်သိန်း ၇ဝ ကျော်လောက်ပဲ ကုန်ကျကြပါတယ်။ အများစု ကုန်ကျတာကတော့ တော့ သိန်း ၃ဝ နဲ့ ၄ဝ ကြား ကုန်ကျကြတယ်ပေါ့'' ဟု ခရိုင်ကော်မတီရှင် ဥက္ကဋ္ဌ ဦးအောင်နိုင်က မြန်မာတိုင်းမ်သို့ ပြောကြားခဲ့သည်။
လက်ရှိတွင် ရွေးကောက်ပွဲအသုံးစရိတ် တင်သွင်းခြင်းကို ရုံးပိတ်ရက်တွင်ပါ လက်ခံဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။
ရွေးကောက်ပွဲ အသုံးစရိတ် တင်သွင်းရန် ပျက်ကွက်သည့် ကိုယ်စားလှယ်လောင်းများ အနေဖြင့် ဒဏ်ကြေးငွေ၊ ကြားဖြတ် ရွေးကောက်ပွဲများနှင့် နောက်တစ်ကြိမ် ကျင်းပမည် ဖြစ်သည့် အထွေထွေရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို ပိတ်ပင်ခံထားရမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ဥပဒေတွင် ပြဋ္ဌာန်း ထားသည်။
ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ကယားတစ်ပြည်နယ်လုံး မဲပေးခွင့်ရှိသူ၏ ၇၆ ရာခိုင်နှုန်း မဲပေးခဲ့ပြီး ယခင် ၂ဝ၁၅ ခုနှစ်တွင် မဲပေးခွင့်ရှိသူ၏ ၇၉ ရာခိုင်နှုန်း လာရောက်မဲပေးခဲ့ခြင်း ဖြစ်သည်။
၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ကယားပြည်နယ်တွင် မဲပေးခွင့်ရှိသူ ၁၇၈၃၁၆ ဦး ၊ မဲပေးသူ ၁၄၂၅၉၂ ဦး ရှိခဲ့ပြီး ၂ဝ၂ဝ ခုနှစ်တွင် အထွေထွေ ရွေးကောက်ပွဲတွင် ကယားပြည်နယ်ရှိ မဲပေးခွင့်ရှိသူသည် ၂၁၂၉၁၆ ဦး၊ မဲလာပေးသူ ၁၆၂၈၇၅ ဦးရှိခဲ့ခြင်း ဖြစ်သည်။
၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီပါတီမှ ဗမာ တိုင်းရင်းသားဝန်ကြီး နေရာအပါအဝင် ၂ဝ နေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၆ နေရာ၊ ကယား ဒီမိုကရက်တစ်ပါတီမှ ၈ နေရာ အသီးသီး အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

















