မဲဆောက်မြို့ဘက်ခိုးဝင်သည့် မြန်မာနိုင်ငံသား (၇) ဦး ထိုင်းစစ်တပ်မှဖမ်းဆီး

မဲဆောက်မြို့ဘက်ခိုးဝင်သည့် မြန်မာနိုင်ငံသား (၇) ဦး ထိုင်းစစ်တပ်မှဖမ်းဆီး

မြန်မာဘက်မြဝတီမြို့မှထိုင်းနိုင်ငံမဲဆောက်မြို့သို့ သောင်ရင်းမြစ်ကိုဖြတ်ကျော်ခိုးဝင်သည့် မြန်မာနိုင်ငံသား (၇) ဦးကိုဒီဇင်ဘာ ၇ ရက်နေ့ညပိုင်းကထိုင်းနယ်ခြားစောင့်တပ်မှဖမ်းဆီးလိုက်ကြောင်းသိရသည်။

ထိုင်းနိုင်ငံတွင် Covid-19 ကပ်ရောဂါဘေးကာလအတွင်း နယ်စပ်များမှတဆင့် နိုင်ငံတွင်းခိုးဝင်လာသူများအားဖမ်းဆီးလျက်ရှိပြီးအသစ်ပြဌာန်းလိုက်သည့် ဥပဒေဖြင့်အရေးယူလျက်ရှိပြီးပြစ်ဒဏ်နှင့်ဒဏ်ကြေးငွေသည် အနည်းဆုံးထိုင်းဘတ်ငွေ (၁) သိန်းနှင့်ထောင်ဒဏ် ၂ လဖြစ်သည်ဟုသိရသည်။

နယ်စပ်မှတဆင့် ခိုးဝင်လာသူများကို လက်ခံသူများသည်လည်း ဒဏ်ကြေးငွေဘတ်(၁ဝဝဝဝဝ)နှင့်အတူ ထောင်ဒဏ်ကိုပါကျခံရမည်ဟုထိုင်းဥပဒေသစ်တွင်ပြဌာန်းထားကြောင်းသိရသည်။

"အခုဖမ်းဆီးမိတဲ့အလုပ်သမားတွေကပြီးခဲ့တဲ့ ၂ ပါတ်လောက်ကမဲဆောက်ဈေးတွင်းမှာအလုပ်လုပ်နေသူတွေဖြစ်ပါတယ်၊သူတို့မှာဘာအထောက်အထားမှမရှိလို့ထိုင်းပုလိပ်ကဖမ်းဆီးပြီးမြဝတီနယ်စပ်အမှတ် ၂ တံတားကြီးကနေပြန်ပို့လိုက်သူတွေဖြစ်ပါတယ်။အဲဒါအခုသောင်ရင်းမြစ်ကိုဖြတ်ကျော်ပြီးပြန်လည်ခိုးဝင်လာတာကိုထိုင်းနယ်ခြားစောင့်တပ်ကထပ်မံဖမ်းဆီးရမိတာပါ၊ဒါပေမဲ့အရင်လိုပြန်လွှတ်တော့မှာမဟုတ်ပါဘူး၊ကိုဗစ်ရောဂါထိန်းချုပ်ကာလမှာအသစ်ထုတ်ပြန်ထားတဲ့ထိုင်းဥပဒေအရအရေးယူခံရမှာဖြစ်ပါတယ်"ဟုမဲဆောက်အခြေဆိုက်ကရင်အမျိုးသားမီဒီယာမှဦးမန်းမျိုးမြင့်ကပြောသည်။ယခုလတ်တလောအခြေအနေတွင်မြန်မာပြည်သို့ပြန်လာခဲ့ကြသည့်ထိုင်းနိုင်ငံတွင်းအလုပ်လုပ်ကိုင်နေကြသည့်မြန်မာအလုပ်သမားများမှာထိုင်းနိုင်ငံအတွင်းသို့တရားဝင်ပြန်လည်ဝင်ရောက်ခွင့်မရှိသေးသဖြင့်ခိုးဝင်နေကြရာမှယခုလိုဖမ်းဆီးခံရနေရခြင်းဖြစ်ကြောင်းသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး