တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေးသည် ၈၆ ရာခိုင်နှုန်း ထိရောက်မှုရှိဟု ယူအေအီးပြော

တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေးသည် ၈၆ ရာခိုင်နှုန်း ထိရောက်မှုရှိဟု ယူအေအီးပြော

ကာကွယ်ဆေး နောက်ဆုံးအဆင့် စမ်းသပ်ချက်များအပေါ် အကဲဖြတ် လေ့လာမှုများအဆုံးသတ်ခဲ့ပြီးနောက် တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေး Sinopharm သည် ၈၆ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ(ယူအေအီး) ကျန်းမာရေးဝန်ကြီးဌာန က ဒီဇင်ဘာ ၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

တရုတ်အမျိုးသားဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းမှ ထုတ်လုပ်ထား သော Sinopharm ကာကွယ်ဆေးအမျိုးအစားသည် အမေရိကန်မှ ထုတ် လုပ်သည့် Pfizer ကာကွယ်ဆေးလောက် ထိရောက်မှုမရှိသော်လည်း အသုံး ပြုရန်အတွက် ကောင်းမွန်သည့် အခြေအနေတစ်ရပ်မျိုးကို ရရှိပိုင်ဆိုင်ထား ကြောင်း ယူအေအီး ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

သို့သော် ကာကွယ်ဆေးနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ယူအေ အီးနိုင်ငံနှင့် Sinopharm ကုမ္ပဏီတို့က ထုတ်ပြန်ခြင်း မရှိပေ။

ယူအေအီးသည် လွန်ခဲ့သည့် ဇူလိုင်လတွင် ကာကွယ်ဆေး နောက်ဆုံး အဆင့် စမ်းသပ်မှုများကို စတင်ဆောင်ရွက်ခဲ့ပြီး စက်တင်ဘာတွင် ပြည်တွင်း ၌ အရေးပေါ်အသုံးပြုခွင့် ရရှိရန် အာဏာပိုင်များက တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေးအား ခွင့်ပြုချက်ပေးခဲ့သည်။

Sinopharm ကုမ္ပဏီထုတ် ကာကွယ်ဆေးသည် နောက်ဆုံးအဆင့် လူသား စမ်းသပ်မှုများအရ ခန္ဓာကိုယ်နှင့်ပတ်သက်ပြီး ပြင်းထန်သော ဆိုးကျိုးများမရှိကြောင်းနှင့် ရောဂါကို ခုခံကာကွယ် ပေးနိုင်သည့် ပဋိပစ္စည်း များကို ထုတ်လုပ်ပေးနိုင်ကြောင်း သိရသည်။