အစ္စရေးနိုင်ငံတွင် COVID-19 ကာကွယ်ဆေးကို စတင်ထိုးနှံခံမည့်သူ မှာ ၎င်းကိုယ်တိုင်ဖြစ်ပြီး Pfizer ကုမ္ပဏီမှ ထုတ်လုပ်သော ကာကွယ်ဆေး အား အပြည့်အ၀ ယုံကြည်ကြောင်းကို သက်သေပြသွားမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။
သို့သော် မည်သည့်အချိန်၊ မည်သည့်နေရာတွင် မည်ကဲ့သို့ ကာကွယ် ဆေး ထိုးနှံသွားမည်ကိုမူ နေတန်ယာဟုက အတိအကျ ပြောကြားခဲ့ခြင်း မရှိပေ။
‘’ဒီကာကွယ်ဆေးအပေါ် ကျွန်တော် ယုံကြည်မှုရှိတယ်။ လာမယ့် ရက်ပိုင်းအတွင်းမှာတင် လိုအပ်တဲ့ ခွင့်ပြုချက်တွေ ရလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်တယ်။ အစ္စရေး နိုင်ငံသားတွေကို ကာကွယ်ဆေး ထိုးစေချင်ပါ တယ်။ နောက်ပြီး အဲဒီလို လုပ်ဖို့လည်း ညွှန်ကြားချက်ထုတ်ပေးမယ်။ သူတို့ ကို ဥပမာအဖြစ်နဲ့ ကျွန်တော်အရင်ဆုံး အထိုးခံပြမယ်။ အစ္စရေးမှာ ကာကွယ် ဆေးကို ပထမဆုံး စတင်ပြီး ထိုးနှံခံတဲ့သူဖြစ်ဖို့ ကျွန်တော် စီစဉ်ထားတယ်’’ ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။
ထို့ပြင် အစ္စရေးပြည်သူများအတွက် သန်းပေါင်းများစွာသော ကာကွယ် ဆေးများ ရရှိရန်အတွက်လည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းက ကတိပြုခဲ့သည်။
ကပ်ရောဂါ စတင်ချိန်မှစ၍ လက်ရှိအချိန်အထိ အစ္စရေးနိုင် ငံတွင် COVID-19 ကူးစက်သူ ၃၄၉၀၀၀ နီးပါး ရှိလာပြီဖြစ်ပြီး သေဆုံးသူ ၂၉၃၂ ဦး ရှိနေပြီဖြစ်ကြောင်း သိရသည်။

















