မဲခေါင်ဒေသတွင်း မူးယစ်ဆေးဝါးလက်နက်မှောင်ခိုမှုများအပါအဝင် စိန်ခေါ်မှုများအား ဦးစားပေးဖြေရှင်းသင့်ဟု နိုင်ငံတော်သမ္မတ အကြံပြု

မဲခေါင်ဒေသတွင်း မူးယစ်ဆေးဝါးလက်နက်မှောင်ခိုမှုများအပါအဝင် စိန်ခေါ်မှုများအား ဦးစားပေးဖြေရှင်းသင့်ဟု နိုင်ငံတော်သမ္မတ အကြံပြု

မဲခေါင်ဒေသတွင်း လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှောင်ခိုကူးမှု၊ လက်နက်မှောင်ခိုကူးမှုနှင့် အကြမ်းဖက်မှုတို့အပါအဝင် စိန်ခေါ်မှုများအား ဖြေရှင်းရေးအတွက် ဦးစားပေးသတ်မှတ်ဆောင်ရွက်သင့်ကြောင့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ဒီဇင်ဘာ ၉ ရက်က(၉)ကြိမ်မြောက်ကျင်းပသည့်ဧရာဝတီ- ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ(Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy - ACMECS)ထိပ်သီးအစည်းအဝေး၌ အကြံပြုပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ကမ္ဘောဒီယားနိုင်ငံဝန်ကြီးချုပ် မစ္စတာဆမ်ဒက်ဟွန်ဆင်ကသဘာပတီအဖြစ်ဆောင်ရွက်ခဲ့ပြီး လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်မစ္စတာတောင်လွန်းဆီဆုလစ်၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာပရာယုဒ်ချန်အိုချာနှင့်ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်မစ္စတာငုယင်စွမ်းဖုတို့လည်း တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတကမိန့်ခွန်းပြောကြားခဲ့ရာ၌ ဒေသတွင်းလူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ဦးတည်ဆောင်ရွက်ခဲ့သည့် အက်မက်စ်ပူးပေါင်းဆောင်ရွက်မှု၏ ၁၇ နှစ်တာခရီးအတွင်း အောင်မြင်မှုများရရှိခဲ့ပြီး စိန်ခေါ်မှုများကိုလည်း ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်နားလည်မှုတို့အပေါ်အခြေခံသည့် စည်းလုံးညီညွတ်မှုစိတ်ဓာတ်ဖြင့် ကျော်လွှားနိုင်ခဲ့ကြောင်း၊ မဲခေါင်ဒေသခွဲသည် ပထဝီအနေအထားအရ ဖွံ့ဖြိုးတိုးတက်ရန် အားသာချက်များရှိသော်လည်းသမားရိုးကျမဟုတ်သည့် စိန်ခေါ်မှုများအပါအဝင် အခြားသောစိန်ခေါ်မှုအသစ်များကြောင့် ဒေသ၏ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှုအရှိန်အဟုန်ကို အဟန့်အတားဖြစ်ပေါ်စေခဲ့ကြောင်း၊ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံအား ကူညီထောက်ပံ့မှုများပေးအပ်ခဲ့ကြသည့် ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်တို့အားကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး အက်မက်စ်အနေဖြင့် COVID-19 ကပ်ရောဂါကာကွယ်ဆေးနှင့် ကုသဆေးဆိုင်ရာ ပူးတွဲသုတေသနပြုလုပ်ရေး၊ ပူးတွဲထုတ်လုပ်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားသင့်ကြောင်းနှင့် အထက်ပါကိစ္စများကိုလည်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ကပ်ရောဂါအလွန်ကာလ ဒေသတွင်းစီးပွားရေး အမြန်ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်အတွင်း 'အက်မက်စ်ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအစီအစဉ် (၂ဝ၁၉-၂ဝ၂၃)'ကို အကောင်အထည်ဖော်ဆောင်ရေးသည် များစွာအရေးပါကြောင်းနှင့် ပြည်ဝင်ဂိတ်များတွင် ပို့ဆောင်ရေးဆိုင်ရာအခြေခံအဆောက်အအုံများကို New Normal နှင့်အညီအဆင့်မြှင့်တင်ရေး၊ ပြည်ဝင်လုပ်ငန်းစဉ်များသည် ကျန်းမာရေးလမ်းညွှန်ချက်များနှင့် ကိုက်ညီစေရေးနှင့် ကပ်ရောဂါဖြစ်ပွားနေချိန်တွင် ဒေသတွင်း ကုန်စည်ထောက်ပံ့မှုကွင်းဆက်မပြတ်စေရန်နှင့် စတုတ္ထစက်မှုတော်လှန်ရေး (4th Industrial Revolution)ကို အထောက်အကူပြုနိုင်ရန်ဒစ်ဂျစ်တယ်စီးပွားရေးအခန်းကဏ္ဍကိုမြှင့်တင်ရေးတို့အတွက် ဆောင်ရွက်သွားရန်လိုအပ်ကြောင်းတို့ကိုလည်း ပြောကြားခဲ့သည်။

အဆိုပါနေ့၌ပင် နိုင်ငံသမ္မတသည် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပသည့် (၁ဝ)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ်ပူးပေါင်းဆောင်ရွက်မှု (စီအယ်လ်အမ်ဗွီ) ထိပ်သီးအစည်းအဝေးကို ဆက်လက်တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သေးသည်။ ထိုအစည်းအဝေးသို့ လာအိုဝန်ကြီးချုပ်က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီးကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့် ဗီယက်နမ်ဝန်ကြီးချုပ်တို့လည်း တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးအပြီးတွင် စီအယ်လ်အမ်ဗွီဥက္ကဌတာဝန်ကို လာအိုနိုင်ငံမှ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် စီအယ်လ်အမ်ဗွီဥက္ကဌတာဝန်ကို နှစ်နှစ်တာကာလအတွက် ထမ်းဆောင်သွားမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး