မန္တလေးမြို့တွင် COVID-19 ကာကွယ်ရေးအတွက် သံဃာတော်များဆောင်ရန်၊ ရှောင်ရန် အချက်များအားထုတ်ပြန်ကြေညာခဲ့ရာ ဆွမ်းခံထွက်ခြင်းမပြုလုပ်ရန် တားမြစ်ချက်ပါဝင်သဖြင့်ဆွမ်းကိစ္စအခက်အခဲများ ရှိလာနိုင်ကြောင်း သိရသည်။
ပြည့်စုံသည့်ဘုန်းကြီးကျောင်းတိုက်များအတွက် ဆွမ်းခံမထွက်ရခြင်းသည်အခက်အခဲမရှိနိုင်သော်လည်း ကျောင်းတိုက်အများစုသည် ရပ်ကွက်နေ ဆွမ်းဒါယကာ၊ဒါယိကာမများ၏ ဆွမ်းလောင်းလှူမှုဖြင့်သာ ဆွမ်းကိစ္စအတွက် ပြေလည်အောင် ဖြေရှင်းနေကြရခြင်းဖြစ်သည်။
လက်ရှိတွင် ကျောင်းတိုက်များအတွင်းပြင်ပ လူစိမ်းများ အလွယ်တကူဝင်ထွက်မှုမပြုလုပ်နိုင်ရန် တင်းကြပ်စွာတားမြစ်ထားကြောင်း မန္တလေးမြို့၊ ချမ်းအေးသာစွမြို့နယ်၊ မိုးကောင်းတိုက်၊ အောင်မြေချမ်းသာကျောင်းမှ မြို့နယ်သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင် ဆရာတော်ဦးကဝိန္ဒက မိန့်ကြားသည်။
''မနေ့ကနေ့လယ်ပိုင်းမှာ မြို့နယ်ကျန်းမာရေးဌာနကနေ ဆောင်ရန်ရှောင်ရန်အချက်အလက်တွေပါတဲ့ စာရွက်တွေနဲ့လာရောက်လျှောက်ထားကြတာဖြစ်ပြီးတချို့အချက်တွေကတော့ လိုက်နာဖို့ရာအဆင်မပြေတာတွေ ရှိတယ်။ ကျယ်ဝန်းတဲ့ကျောင်းတိုက်ကြီးတွေမှာတော့ တစ်ပါးနဲ့တစ်ပါး ၆ ပေခွာ သီတင်းသုံးဖို့တို့၊တစ်ပါးတည်း ဆွမ်းဘုဉ်းပေးဖို့တို့က လိုက်နာဖို့မခက်ပေမယ့် နေရာကျဉ်းတဲ့ ကျောင်းငယ်လေးတွေမှာကျတော့ အခက်အခဲရှိပါတယ်။ အထူးသဖြင့်ကတော့ဆွမ်းကိစ္စပေါ့။ ရပ်ကွက်တွေထဲက ဒါယကာ၊ဒါယိကာမတွေရဲ့ နေ့စဉ် ဆွမ်းလောင်းလို့သာ ဆွမ်းခံထွက်ကြွနေတာဖြစ်ပြီးလုံးဝထွက်လို့မရဘူးဆိုရင်တော့ ဆွမ်းကိစ္စအတွက်ပင်ပန်းကြရလိမ့်မယ်။ လောလောဆယ်မှာတော့ ဆွမ်းခံထွက်တဲ့ သံဃာတွေကို အနီးအနားပဲ ဆွမ်းခံဖို့နဲ့ နှာခေါင်းစည်းနဲ့ Face shield စနစ်တကျတပ်ဖို့ ကျောင်းကိုပြန်လာတဲ့အခါ အဝင်မှာလက်သန့်ဆေးရည်နဲ့ ဆေးကြောဖို့တွေကို တိုက်အုပ်ဆရာတော်ကြီးတွေကနေမှာကြားထားကြပါတယ်''ဟု မိန့်သည်။
လက်ရှိ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ မစိုးရိမ်တိုက်သစ်တွင်သီတင်းသုံးနေထိုင်ကြသည့် ရဟန်းနှင့် သာမဏေများအား ဒီဇင်ဘာ၂ရက်မှစတင်၍ COVID-19 ပိုးရှိ၊ မရှိစစ်ဆေးခဲ့ရာ ဒီဇင်ဘာ ၈ ရက်အထိရဟန်းနှင့် သာမဏေအပါး ၈ဝ ကျော်၌ COVID-19 ပိုးတွေ့ရှိထားခြင်းဖြစ်သည်။
















