ချင်းပြည်နယ် တီးတိန်မြို့နယ် အန်းလန်း- မဏိပူရ မြစ်ကူးကြိုးတံတားအား ရန်ပုံငွေ ကျပ်သန်း ၄၂ ဒသမ ၁၄၂ဖြင့် တည်ဆောက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
''အိန္ဒိယနယ်စပ်နှင့် တီးတိန်မြို့နယ်မဏိပူရမြစ်အကြားမှာ ရွာပေါင်းနှစ်ဆယ်ကျော်လောက်ရှိပါတယ်။ မိုးရာသီကာလဆိုရင် မဏိပူရက တောင်ကျရေဆိုတော့သွားရေးလာရေး အလွန်ခက်ခဲပါတယ်။ တီးတိန်၊ တွန်းဇံမြို့တွေကိုဆက်သွယ်သွားလာရတာ မလွယ်ကူပါဘူး၊အခု အန်းလန်းကြိုးတံတား ပြီးစီးသွားတဲ့အတွက် မဏိပူရမြစ်တစ်ဖက်ကမ်းကကျေးရွာတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊လူမှုရေးအတွက် အဆင်ပြေလာမှာဖြစ်ပါတယ်၊ အထူးသဖြင့် ဒေသတွင်းစိုက်ပျိုးထားတဲ့ တောင်ယာသီးနှံတွေတီးတိန်၊ တွန်းဇံလိုမြို့တွေကို တင်ပို့ရောင်းချလာနိုင်မှာဖြစ်ပါတယ်''ဟု ၎င်းကပြောသည်။
တီးတိန်မြို့နယ် အန်းလန်း-မဏိပူရမြစ်ကူးကြိုးတံတားမှာ အရှည် ၃၃ဝ ပေရှိပြီး အကျယ် ၁၂ ပေ၊ ခံနိုင်ဝန် ၁၃ တန်ရှိကြောင်း သိရသည်။ ယင်းတံတားကို TPCT ကုမ္ပဏီနှင့် ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက စတင်တည် ဆောက်ခဲ့ခြင်းဖြစ်သည်။
''ကျွန်တော်တို့ တီးတိန်မြို့နယ် အန်းလန်းဒေသဟာ မဏိပူရမြစ်တစ်ဖက်ကမ်းဒေသဟာ သွားလာရေး အလွန်ခက်ခဲပါတယ်။ အခုချိန်ထိ ဆိုင်ကယ်လမ်းကိုခက်ခက်ခဲခဲသွားလာနေကြရတဲ့ဒေသတွေ ရှိနေပါသေးတယ်။ စားသောက်ကုန်၊လူသုံးကုန်တွေကို အထမ်းနှင့် သယ်ယူကြရပါတယ်။ တောင်ယာထွက်သီးနှံတွေကိုလည်း အထမ်းနှင့်သယ်ထုတ်ကြရပါတယ်၊ အခု တံတားပြီးသွားတဲ့အတွက် ကျွန်တော်တို့ဒေသ ပိုမိုဖွံ့ဖြိုးလာတော့မှာဖြစ်ပါတယ်''ဟု တီးတိန်ဒေသခံ ကိုတွမ်ပီးက ပြောသည်။
















