၂၀၁၃ ခုနှစ်တုန်းက ညောင်ရွှေမြို့မှာ ပထမဆုံး စတင်ဖွင့်ခဲ့တဲ့ ဟင်းချက်သင်တန်းလေးရဲ့ နောက်ကွယ်က ဇာတ်လမ်းတစ်ပုဒ်ဟာ လူသိနည်းပေမယ့် စိတ်ဝင်စားစရာ ကောင်းလွန်းလှပါတယ်။
ရှမ်းပြည်နယ်၊ ညောင်ရွှေဇာတိသူ မပူစူးဟာ Bamboo Delight ဟင်းချက်သင်တန်းနဲ့ စားသောက်ဆိုင်ကို ၂၀၁၃ ခုနှစ်က ညောင်ရွှေမြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီအချိန်က ညောင်ရွှေမှာ ဟင်းချက်သင်တန်းဆိုရင် သူ့သင်တန်းတစ်ခုသာ ရှိခဲ့ပါတယ်။
သူ့ရဲ့ မိခင်နဲ့ဖခင်ဟာ ဗမာလူမျိုးတွေ ဖြစ်ကြပြီး တခြားတစ်နေရာကနေ ညောင်ရွှေမြို့မှာ လာရောက်အခြေချခဲ့ကြသူတွေ ဖြစ်ပါတယ်။ သူမှတ်မိသလောက်ဆိုရင် သူ့မိခင်ဟာ အပျိုအရွယ်မှာ ညောင်ရွှေစောဘွားကြီးရဲ့ ဟော်နန်းမှာ ယက်ကန်းရက်တဲ့ အလုပ်ကိုလုပ်ကိုင်ပြီး ဖခင်ကတော့ ဟဲဟိုးလေယာဉ်ကွင်း ဆောက်တဲ့အချိန်မှာ လေယာဉ်ကွင်းမှာ အလုပ်လုပ်ဖို့ ဒီဒေသကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။
ဟင်းချက်သင်တန်းလေးရဲ့ ဇစ်မြစ်ကတော့ သူ့ဖခင်ရဲ့ ဧည့်သည်အပေါ် ဧည့်ဝတ်ကျေပွန်ချင်တဲ့ စိတ်ကလေးကနေ စတင်သန္ဓေတည်ခဲ့ပြီး နှစ်ပေါင်း ၃၀ အကြာမှ အမှန်တကယ် ဖြစ်တည်လာခဲ့တာ ဖြစ်ပါတယ်။
“လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က နိုင်ငံခြားသားတွေ အစ်မတို့မြို့မှာ စမြင်တဲ့အချိန်ကစလို့ အဖေက နိုင်ငံခြားသားတွေက ဟိုးအဝေးကြီးကလာရတာ။ မြန်မာပြည်လာတဲ့အချိန်မှာ ကိုယ့်ဆီကိုလာတဲ့ ဧည့်သည်တွေကို မြန်မာလူမျိုးပီပီ ဧည့်ဝတ်ပြုရမယ်။ သူတို့ကို ကူညီပေးရမယ်လို့ အဖေက ပြောလေ့ရှိတယ်” လို့ မပူစူးက ပြောပါတယ်။
ဒါကြောင့် နိုင်ငံခြားသားဧည့်သည်တွေ သူတို့အိမ်ရှေ့က ဖြတ်ပြီဆို သူတို့မိသားစုဟာ အင်္ဂလိပ်စကား မပြောတတ်ပေမယ့် ဧည့်သည်တွေကို ဧည့်ဝတ်ကျေတဲ့အနေနဲ့ အိမ်လည်ခေါ်လေ့ရှိပြီး ရှိတာလေးတွေ တည်ခင်းကျွေးလေ့ရှိပါတယ်။
မြန်မာ့ထုံးတမ်းအစဉ်အလာအရ ဧည့်သည်တွေ အကူညီလိုရင်လည်း ကူညီပေးခဲ့ပါတယ်။ အဲဒီလို လုပ်နေရင်းကနေ သူ့ဖခင်ဆုံးသွားပြီးတဲ့နောက်မှာ သူ့ဖခင်နဲ့ ဆုံတွေ့ခဲဖူးတဲ့ နိုင်ငံခြားသားတစ်ယောက်က နှစ်ပေါင်း ၃၀ အကြာမှာ ဒုတိယအကြိမ် သူတို့ မိသားစုလေးကို ပြန်လာရှာခဲ့ပါတယ်။
“အဲဒီနိုင်ငံခြားသားကိုတွေ့တော့ ကျွန်မအနေနဲ့ ဘာခံစားချက်မှမရှိခဲ့ဖူး။ ကျွန်မငယ်ငယ်တုန်းက လာသွားတာ။ ကျွန်မလည်း သူ့ကိုမမှတ်မိဘူး။ အစ်မတို့မိသားစုပုံလေးတွေ သူရိုက်သွားတာ ထုတ်ပြတယ်။ အဖေက ကျွေးလိုက်တဲ့ ထမင်းတစ်လုတ်ကျေးဇူးကို သူအမြဲအမှတ်ရနေလို့ မြန်မာပြည်ကို အခွင့်အရေးရလို့ ပြန်လာရင် ဒီမိသားစုလေးဆီ ပြန်လာမယ်ဆိုပြီးတော့ ဆုံးဖြတ်ထားခဲ့တဲ့အကြောင်း ပြောပြတယ်” လို့ မပူစူးက ဆိုပါတယ်။
အဲဒီလို ဆုံးဖြတ်ပြီး ပြန်ရောက်လာပြီးကာမှ သူ့ဖခင်ဆုံးသွားတာကို သူသိလိုက်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်က ထမင်းကျွေးခဲ့ဖူးတဲ့ ကျေးဇူးရှင်ကို တွေ့ရနိုးနဲ့ မျှော်လင့်တကြီး အဝေးကြီးကနေလာခဲ့ရတဲ့ နိုင်ငံခြားသားဟာ ဝမ်းနည်းလို့ မျက်ရည်ကျခဲ့ပါတယ်။
“နိုင်ငံခြားသားတစ်ယောက် အစ်မရှေ့မှာ မျက်ရည်ကျတာကို မြင်ရတော့ အတော်လေး အံံ့သြမိသွားတယ်။ အဲဒီမှာ အသိတရားလေး ရလိုက်တာက နိုင်ငံခြားသားတောင်မှ ထမင်းတလုတ်ကျေးဇူးကို နှစ်ပေါင်း ၃၀ တောင် မမေ့ဘူးပေါ့။ ငါတို့ဆိုရင် အဲဒီထက်မမေ့သင့်ဘူးဆိုပြီး အဖေနဲ့ အမေနေခဲ့တဲ့ နေရာလေးမှာ သူတို့ရှိနေတဲ့ ပုံစံလေးအတိုင်းပဲ ကျွန်မက ပြန်ဖန်တီးလိုက်တယ်” လို့ မပူစူးက ပြောပါတယ်။
အိမ်ရှေ့က ဧည့်သည်တစ်ယောက် ဖြတ်သွားပြီဆိုရင် သူဟာ လှမ်းခေါ်တတ်ပါတယ်။ အင်္ဂလိပ်စာသင်ဖို့ အခွင့်အရေးရလာပြန်တော့ အင်္ဂလိပ်စာသင်ရင်းနဲ့မှ သူတို့ကို သူ့ဖခင်လိုပဲ ကူညီပေးရင်းနဲ့ တစ်နေ့မှာ နိုင်ငံခြားသူ တစ်ယောက်က သူချက်ကျွေးတဲ့ဟင်းတွေက အရသာရှိလို့ သူတို့ကို ဟင်းချက်သင်ပေးဖို့ ပြောလာပါတယ်။
“သူက ကျွန်မကို ဟင်းချက်သင်တန်း ဖွင့်ပါလားလို့ ပြောတယ်။ ဟင်းချက်သင်တန်းဆိုတာ ကြားလည်းမကြားဖူးတော့ ဘယ်လိုကြီးမှန်းလည်း မသိဘူး။ အိမ်မှာဧည့်သည်လာလည်ရင် သူတို့ကို ဟင်းချက်နည်းလေးပဲ သင်ပေးပါလို့သူက ပြောတယ်။ သူတို့က ကျွန်မတို့နဲ့ ရင်းရင်းနှီးနှီးနေချင်ပြီး ယဉ်ကျေးမှုကိုလည်း လေ့လာချင်တယ်” လို့ မပူစူးက ပြောပါတယ်။
ပထမအကြိမ်မှာတော့ မပူစူးဟာ ဟင်းချက်သင်တန်းဖွင့်ဖို့ အတွေ့အကြုံလည်း မရှိသလို၊ သတ္တိလည်းမရှိခဲ့ပါဘူး။ ဒီမြို့မှာ ဒီလိုသင်တန်းမျိုး မရှိသေးတော့ သူကစလုပ်ရင် တခြားသူတွေကလည်း သူ့ဆီက အတုခိုးလို့ရတဲ့အကြောင်း နိုင်ငံခြားသူက မပူစူးကို တိုက်တွန်းတဲ့အခါမှာ ဒါကိုစလုပ်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
“ကျွန်မ မလုပ်ရင်တော့ တစ်ယောက်ယောက်က မကြာခင်မှာ ထလုပ်လိမ့်မယ်လို့ သူက စိန်ခေါ်တယ်။ သူများမလုပ်သေးတဲ့ အလုပ်ကို ငါလုပ်ကြည့်မယ်။ အချက်အပြုတ်နဲ့ ပတ်သက်လို့ ပရော်ဖက်ရှင်နယ် မဟုတ်သလို အရင်းအနှီးလည်းမရှိပေမယ့် နိုင်ငံခြားသား ဧည့်သည်တွေအပေါ်ထားတဲ့ စေတနာမေတ္တာကို အရင်းခံပြီး ၂၀၁၃ ခုနှစ်မှာ စလုပ်လိုက်တော့ ကျွန်မတို့ ဟင်းချက်သင်တန်းလေးဟာ ညောင်ရွှေမှာ ပထမဆုံးဖြစ်လာတယ်” လို့ မပူစူးက ပြောပါတယ်။
အခုတော့ ညောင်ရွှေမြို့ပေါ်မှာ ပုံမှန်နိုင်ငံခြားသားလာတဲ့ရာသီဆို ဟင်းချက်သင်တန်းတွေက ၁၀ ခုမက ရှိနေပြီဖြစ်ပါတယ်။ သူ့ရဲ့ Bamboo Delight ဟင်းချက်သင်တန်းမှာ ညောင်ရွှေဒေသ အစားအစာ၊ အင်းလေးအစားအစာနဲ့ မြန်မာအစားအစာ ချက်ပြုတ်နည်းတွေကို သင်ကြားပေးပါတယ်။
“အဖေလုပ်ခဲ့တဲ့ စေတနာလေး ပပျောက်သွားမှာစိုးလို့ အရမ် းclassic ဖြစ်တဲ့ ဟိုတယ်တွေကလို ဟင်းချက်နည်းမျိုး မသုံးပါဘူး။ သမားရိုးကျ ရိုးရာဟင်းတွေကို ဘယ်လိုချက်စားကြလဲ၊ မိသားစုအိမ်မှာ ဘယ်လိုစားသောက်ကြသလဲဆိုတာ ရိုးရိုးရှင်းရှင်းမျှဝေတယ်။ တစ်ဖက်နဲ့တစ်ဖက် အတွေ့အကြုံတွေဖလှယ်တဲ့ နေရာတစ်ခုမျိုးပဲ ဖန်တီးထားတယ်” လို့ မပူစူးက ပြောပါတယ်။
ကိုယ်တိုင်ထွင်ထားတဲ့ ဟင်းချက်နည်းတွေကိုသာ သင်ကြားပေးတဲ့အတွက် သူ့သင်တန်းလေးဟာ အောင်မြင်မှုရရှိခဲ့ပါတယ်။
၂၀၁၃ မှ ာကိုယ်ပိုင်အလုပ်လေး စလုပ်ပြီးတော့ ဝင်ငွေ ရှိလာတာနဲ့အမျှ မပူစူးဟာ တစ်ဖက်မှာလည်း ပရဟိတအလုပ်ကို လုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရတဲ့ဝင်ငွေရဲ့ ၁၅ ရာခိုင်နှုန်းကို စုဆောင်းထားပြီး ကလေးတွေရဲ့ ပညာရေးအတွက် အသုံးပြုခဲ့ပါတယ်။
ပထမဆုံးအနေနဲ့ သူဟာ အိမ်အနီးအပါးက ကလေး ၁၀ ယောက်ကျော်ကို စုစည်းခဲ့ပါတယ်။ ဟင်းချက်သင်တန်းမှာ နိုင်ငံခြားသားတွေ ဟင်းချက်ပြီးသွားပြီဆိုရင် အဲဒီကလေးတွေအတွက် တစ်နာရီ၊ နှစ်နာရီလောက် အချိန်ပေးပြီး အင်္ဂလိပ်စာသင်ခိုင်းပါတယ်။
ညောင်ရွှွေမှာ အချိန်ကြာကြာဆက်နေတဲ့ ဧည့်သည်တွေကလည်း ကလေးတွေနဲ့ ရင်းရင်းနှီးနှီးနေပြီး အထွေထွေဗဟုသုတတွေ ဝေငှပေးကြပါတယ်။
၂၀၁၃ မှာ ကလေး ၁၀ ယောက် ၁၅ ယောက်နဲ့ စလိုက်တာ ၂၀၁၉ မှာတော့ မပူစူးရဲ့ အခမဲ့နွေရာသီ သုံးလသင်တန်း Bamboo Delight Summer School မှာ သင်တန်းသား ၂၀၀ ကျော် ရှိခဲ့ပါတယ်။
မပူစူးဟာ ကလေးတွေကို စာသင်ပေးရုံတင်မကပဲ ကျောင်းသွားတက်တဲ့အခါမှာလည်း စာအုပ်၊ ခဲတံစတဲ့ လိုအပ်ချက်တွေကို ဖြေဆည်းပေးခဲ့ပါတယ်။ ဒီနှစ်မှာတော့ ကလေးတွေအတွက် စာကြည့်တိုက်ကိုပါ ထပ်မံဖွင့်ပေးနိုင်ခဲ့ပြီး မပူစူးရဲ့စာကြည့်တိုက်မှာ အင်္ဂလိပ်၊ မြန်မာစာအုပ်ပေါင်း ၅၀၀၀ ခန့် ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။
“ကျွန်မငယ်ငယ်တုန်းက ပညာရေးကို ဆုံးခန်းတိုင်အောင် မသင်ခဲ့ရဘူး။ ပညာမတတ်တဲ့အခါ အနှိမ်ခံရတယ်။ ခွဲခြားဆက်ဆံခံခဲ့ရတယ်။ သူငယ်ချင်းတွေရဲ့ မိဘတွေက ကျွန်မကို ပညာမတတ်တဲ့အတွက် အသုံးကျတဲ့သူတစ်ယောက် ဖြစ်လာတော့မှာ မဟုတ်ဘူး၊ ပျက်ဆီးသွားတော့မှာဆိုတဲ့ စိတ်နဲ့ သူငယ်ချင်းတွေနဲ့ ခွဲခြားပစ်ခဲ့တယ်” လို့သူက ပြန်ပြောင်းပြောပြပါတယ်။
အဲဒီခံစားချက်တွေကို ငယ်ငယ်လေးကတည်းက စာဖတ်ရင်းနဲ့ ဖြေဖျောက်ပစ်ခဲ့ပြီး သူငယ်ချင်းတွေ ကျောင်းသွားတက်နေတဲ့အချိန်မှာ မပူစူးဟာ စာအုပ်တွေကိုသာ သည်းကြီးမဲကြီး ဖတ်နေခဲ့ပါတယ်။ မြင်သမျှစာအုပ်တွေဖတ်ရင်း စာဖတ်တဲ့အလေ့အထလေး ရလာပါတယ်။ ဒီအလေ့အကျင့်ကောင်းဟာ သူ့ဘဝကို သူများနဲ့မတူတဲ့ အတွေးအခေါ်အယူအဆတွေ နဲ့ ပြောင်းလဲပေးခဲ့ပါတယ်။
“ခုဆိုရင် ကျွန်မက ၁၀ တန်းမအောင်၊ ပညာတတ်မဟုတ်ပေမယ့် ကိုယ့်ရဲ့ကိုယ်ပိုင်ကျောင်းလေး ဖွင့်နိုင်တယ်။ ကလေးတွေကို ပညာဒါနပေးနိုင်တယ်။ စာကြည့်တိုက်ကြီး လုပ်နိုင်တယ်။ လူမှုပတ်ဝန်းကျင်မှာ အကျိုးရှိတဲ့ အလုပ်တွေလုပ်နိုင်တယ်။ အဲဒါကြောင့် ကျွန်မနဲ့ ဘဝတူတဲ့ ကလေးတွေကို ပြန်ပြီးခွန်အားပေးချင်တာ” လို့ သူကပြောပါတယ်။
မပူစူးရဲ့ အိမ်မက်တွေဟာ ဒီမှာပဲရပ်တန့်မသွားခဲ့ပါဘူး။ သူဟာ သူ့ဝန်းကျင်ကို စိမ်းလန်းပြီး ပလတ်စတစ်ကင်းမဲ့တဲ့ မြို့လေးဖြစ်လာစေချင်လို့ ကလေးတွေနဲ့အတူတူ လှုပ်ရှားဆောင်ရွက်နေခဲ့ပါတယ်။ ကိုဗစ်မဖြစ်ခင်က သူ့စာကြည့်တိုက်ကို လာတဲ့ကလေးတွေကို အပတ်စဉ် သောကြာနေ့တိုင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့လို့သတ်မှတ်ပြီး အမှိုက်ကောက်တာနဲ့ အပင်စိုက်တာ စတာတွေ လုပ်ခဲ့ပါတယ်။
စက်တင်ဘာ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ World Cleanup Day ကစလို့ နန္ဒဝင် (၆)ရပ်ကွက်က သူ့ရဲ့ အိမ်ရှေ့ လမ်းကလေးကနေစတင်ပြီး အမှိုက်ရှင်းလင်းရေးအလုပ်တွေကို ကလေးတွေနဲ့အတူ မမောမပန်း စတင်လုပ်ဆောင်ခဲ့ပါတယ်။
“လမ်းထိပ်ကနေ ရပ်ကွက်ထိပ်ထိ ဧရိယာသတ်မှတ်လိုက်ပြီး အမှိုက်ပုံး ၁၅ ပုံးချလိုက်ပြီး ကလေး ၁၅ ယောက်ကို ရွေးလိုက်တယ်။ အဲဒီကလေးတွေကို ပထမဆုံး Trash Hero လို့သတ်မှတ်ပေးပြီး အမှိုက်နဲ့ပတ်သက်လို့ အသိပညာပေးတယ်။ ပြီးတော့ ကလေး ၁၅ ယောက်ကို အမှိုက်ပုံး ၁၅ ပုံးကို တာဝန်ပေးလိုက်ပြီး မနက်ကို အမှိုက်ပုံးထုတ်တယ်။ ညကို အမှိုက်ပုံးသိမ်းတဲ့ တာဝန်ပေးလိုက်တယ်” လို့ မပူစူးက ပြောပါတယ်။
တာဝန်ချိန်ကို တစ်လသတ်မှတ်ထားပြီး ကလေးတွေဟာ မနက် ၆ နာရီတိုင်း အမှိုက်ကောက်ကြပါတယ်။ သူတို့အဖွဲ့ကလုပ်တာကို တခြားကလေးတွေက မြင်သွားပြီး လမ်းသန့်ရှင်းရေးအတွက် အမှိုက်ရှင်းပေးချင်စိတ်တွေ ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် နောက်ထပ် ကလေး ၁၀၀ ကျော်ကို အဖွဲ့ ၁၀ ဖွဲ့ဖွဲ့ပေးခဲ့ပြီး ရပ်ကွက်ထဲက ဆိုင်ရာလမ်းအသီးသီးမှာ အမှိုက်ကောက်သန့်ရှင်းရေး လုပ်ကြပါတယ်။
တစ်လလောက်ကြာတဲ့အချိန်မှာ ရပ်ကွက်ထဲမှာ အမှိုက်တွေ အတော်ရှင်းသွားတော့ ညောင်ရွှေမြို့က တခြားရပ်ကွက်တွေ၊ အများဆိုင်နေရာတွေနဲ့ မြို့အဝင်အထွက်လမ်းတွေထိ တိုးချဲ့ပြီး သောကြာနေ့တိုင်း အမှိုက်ကောက်ကြပါတယ်။ အခုတစ်ခေါက် သူတို့အဖွဲ့လေး အမှိုက်ကောက်တဲ့အခါ လမ်းပေါ်မှာ စည်းကမ်းမဲ့ စွန့်ပစ်ထားတဲ့ နှာခေါင်းစည်း ငါးရာကျော်ထိ ကောက်ခဲ့ရပါတယ်။
“အမှိုက်ကောက်ရုံနဲ့ မလုံလောက်ပါဘူး။ ပလတ်စတစ်တွေ အသုံးပြုမှုကိုလည်း လုံးဝလျော့ချဖို့ ကလေးတွေကို အသိပညာပေးတယ်။ ကလေးတွေကတစ်ဆင့် လူကြီးတွေကို ပြန်သင်တာ” လို့ သူက ပြောပါတယ်။
“ညောင်ရွှေတစ်မြို့လုံးကို အမှိုက်ကင်းစင်စေချင်တယ်။ အရင်ဆုံး ကျွန်မရဲ့ရပ်ကွက်ကို သန့်ရှင်းအောင် လုပ်ပါမယ်။ ကလေးတွေမှမဟုတ်ပဲ လူကြီးတွေပါပါလာအောင် ကျွန်မကြိုးစားမယ်” လို့ မပူစူးက ဆိုပါတယ်။
ညောင်ရွှေမြို့က ရပ်ကွက်တွေမှာ အမှိုက်တွေ ကင်းစင်သွားရင် ဘာတွေဆက်လုပ်မလဲလို့ သူ့ကို ကလေးတွေက မေးကြတော့ ရပ်ကွက်ကလေး စိမ်းစိုအောင် ပန်းအလှပင်တွေ နေရာတိုင်း အိမ်တိုင်း လမ်းတိုင်းမှာ စိုက်ကြမယ်လို့ မပူစူးက အလှပင်တွေနဲ့ စိမ်းညို့နေမယ့် ညောင်ရွှေမြို့ကလေးကို စိတ်ကူးထဲမှာ ပုံဖော်ကြည့်ရင်း ကလေးတွေရဲ့အမေးကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

















