ပြည်တွင်း စျေးကွက်သုတေသန အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသော စျေးကွက်သုတေသနအသင်း (ရန်ကုန်) ၏ ဒုတိယအကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက် နေ့လည်ပိုင်းတွင် Zoom meeting app. ဖြင့် အင်တာနက်စနစ်အသုံးပြုပြီး virtual meeting ကျင်းပခဲ့သည်။
အစည်းအဝေး၏ အဓိကရည်ရွယ်ချက်များမှာ၊ (၁) မြန်မာနိုင်ငံနှင့် အာရှပစိဖိတ်ဒေသတွင်း စျေးကွက် သုတေသနနယ်ပယ်၏ အခြေအနေများနှင့် သက်ဆိုင်သည့် အကြောင်းအရာ၊ ဗဟုသုတများကို တက်ရောက်လာသူများ၊ အဖွဲ့အစည်းများ၊ စျေးကွက်သုတေသနပညာရှင်များ၊ ဝန်ထမ်းများ သိရှိရန်၊ (၂) စျေးကွက် သုတေသနအသင်း၏ လုပ်ဆောင်ချက်များနှင့် မဟာဗျူဟာများကို အစိုးရနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် အခြားစီးပွားရေးအဖွဲ့အစည်းများအပြင် အများပြည်သူအား အသိပေးတင်ပြရန်တို့ဖြစ်ကြောင်း သိရသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးရဲမင်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဗဟိုစာရင်းအင်းအဖွဲ့ (CSO) မှ တာဝန်ရှိသူတစ်ဦးကလည်း နိုင်ငံတော်အဆင့် ဆောင်ရွက်နေသော စစ်တမ်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသွားခဲ့သည်။
ESOMAR World Research Asia Pacific Region က Ambassador ဖြစ်သူ Mr. John Smurthwaiteက Landscape of Marketing Research Industry in Asia Pacific Market (အာရှပစိဖိတ်ဒေသစျေးကွက်၏ စျေးကွက်သုတေသနလုပ်ငန်းဆိုင်ရာ အမြင်ရှုထောင့်) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ESOMAR ၏ မြန်မာပြည်ကိုယ်စားလှယ်ဖြစ်သူ Ms. Marita Schimplက Impact of COVID-19 on Market Research Industry (COVID-19ကပ်ရောဂါ၏ စျေးကွက်သုတေသနလုပ်ငန်းအပေါ် အကျိုးသက်ရောက်မှု) ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး တင်ပြဆွေးနွေးခဲ့သည်။
ဆက်လက်၍ အခမ်းအနား၏ အဓိကအစီစဉ်တစ်ခုဖြစ်သော စကားဝိုင်းဆွေးနွေးပွဲကို Current and Future Landscape of Market Research Industry in Myanmar (မြန်မာနိင်ငံ၏ စျေးကွက်သုတေသနလုပ်ငန်းနှင့်ပတ်သက်၍ လက်ရှိနှင့် အနာဂတ် အမြင်ရှုထောင့်) ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ မြန်မာ့စျေးကွက် သုတေသနနယ်ပယ်တွင် ထင်ရှားသောလုပ်ငန်းရှင်များနှင့် စျေးကွက် သုတေသနပညာရှင်များမှ ပါဝင်ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲအပြီးတွင် အမေးအဖြေ အစီအစဉ်ပြုလုပ်ခဲ့ရာ တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းခဲ့ကြပြီး ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။ ညနေ (၄) နာရီခန့်တွင် အစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။
စျေးကွက်သုတေသနအသင်း (ရန်ကုန်) ကို ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် တရားဝင်မှတ်ပုံတင်ခဲ့ပြီး မြန်မာ့စျေးကွက်သုတေသနလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်၊ စျေးကွက်သုတေသနနယ်ပယ်ရှိ ဝန်ထမ်းများ၏ ကျွမ်းကျင်မှုနှင့် အရည်အချင်းများ ပိုမိုတိုးတက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။


















