ဆဲလ်သေတွေဖယ်ရှားမှ အသားအရေက ကျန်းမာတယ်။ ဆဲလ်သေဖယ်တာက အသားခြောက်နိုင်တယ်။ အခုလို အသားခြောက်တဲ့ ဆောင်းရာသီမှာ ဆဲလ်သေတွေ ဖယ်ရှားလို့ ဖြစ်ပါ့မလား။ အသားများ ပိုခြောက်သွားမလား။
ဒါမှမဟုတ် ဝက်ခြံတွေ ပိုဖြစ်မလား။ ဆဲလ်သေတွေ မဖယ်လို့လားမသိဘူး။ အသားအရောင်ကို ကြည့်ရတာ ကြည်ကြည်လင်လင် မရှိဘူးဆိုတဲ့ သူလေးတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက ဆောင်းရာသီမှာ ဆဲလ်သေဖယ်ရှားလို့ ရပါ့မလားလို့ ချီတုံချတုံဖြစ်နေတဲ့ လေဒီလေးတွေအတွက်ပါ။
ဆောင်းရာသီမှာ ဆဲလ်သေတွ ဖယ်ရှားရင် အသားပိုခြောက်မှာလား...
ဆောင်းရာသီက အလိုလိုနေရင်းတောင် အသားခြောက်တော့ ဆဲလ်သေတွေ ဖယ်ရှားလိုက်ရင် အသားပိုခြောက်သွားမလား။ ဆဲလ်သေဖယ်ရှားမှုကြောင့် အသားအရေကိုများ ထိခိုက်လေမလားဆိုတဲ့ စိတ်ပူမှုက အသားအရေ ထိန်းသိမ်းမှုလုပ်နေတဲ့ သူတိုင်းမှာ ဝေခွဲမရဖြစ်တတ်တဲ့ မေးခွန်းတစ်ခုပါ။
ဆဲလ်သေဖယ်ရှားတာက မဖြစ်မနေလုပ်သင့်တဲ့ အသားအရေ ထိန်းသိမ်းမှုပါ။ ဒါကြောင့် ဆောင်းရာသီမှာလည်း အသားအရေ ထိန်းသိမ်းမှုလုပ်တဲ့အခါ ဆဲလ်သေဖယ်ရှားဖို့ လိုပါမယ်။ အကြောင်းကတော့ အရေပြားပေါ်မှာ ဆဲလ်သေတွေ များနေတဲ့အခါ အရေပြားရဲ့ အာဟာရစုပ်ယူနိုင်မှုကို ထိခိုက်လို့ပါ။
အာဟာရစုပ်ယူမှု ထိခိုက်တာက အသားအရေကို ထိုက်သင့်တဲ့ပြုပြင်မှု မရစေဘူးဆိုတဲ့ သဘောပါ။ ဒီတော့ ဆောင်းရာသီမှာ ခြောက်သွေ့တာ၊ အသားအရေကို သက်တောင့်သက်သာ မရှိစေတာမှန်ပေမယ့် အရေပြားပေါ်က ဆဲလ်သေတွေကိုတော့ ပုံမှန်ဖယ်ရှားပါ။ ဆဲလ်သေတွေ ဖယ်ရှားမှုမလုပ်ဘဲ အရေပြားကို အစိုဓာတ်ထိန်းမယ်ဆိုရင် အရေပြားက ကောင်းကောင်းမစုပ်ယူနိုင်တာကြောင့် အသားအရေက ခြောက်သွေ့ဦးမှာပါ။ ဒါကြောင့် ဆောင်းရာသီမှာ အသားအရေကို အကောင်းဆုံး ထိန်းသိမ်းချင်တယ်ဆိုရင် ဆဲလ်သေဖယ်ရှားတာကိုလည်း မေ့မထားပါနဲ့။
ဆောင်းရာသီနဲ့ သင့်တော်တဲ့ ဆဲလ်သေ ဖယ်ရှားနည်းတွေက ဘာတွေများလဲ....
အသားအရေအတွက် ခက်ခဲတဲ့ကာလဖြစ်တဲ့ ဆောင်းရာသီမှာ အသားအရေကို ထိခိုက်မှုမရှိစေဘဲ ဆဲလ်သေတွေကို ဖယ်ရှားချင်တယ်ဆိုရင် ဒီနည်းလမ်းလေးတွေက အဆင်ပြေစေမှာပါ။ ဓာတုပစ္စည်းတွေ ပါဝင်နေတဲ့ အပြင်းစားတွေ မသုံးပါနဲ့။
ပတ်ဝန်းကျင်က အေးမြခြောက်သွေ့တဲ့ ဆောင်းရာသီမှာ ဓာတုပစ္စည်း အပြင်းစားတွေပါတဲ့ ဆဲလ်သေဖယ်ရှားတဲ့ ပစ္စည်းတွေသုံးပြီး ဆဲလ်သေဖယ်ရှားတာက အသားအရေကို ခြောက်သွေ့ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ ဆဲလ်သေ ဖယ်ရှားမယ်ဆိုရင် ဒီအချက်လေးကို သတိထားပေးပါ။ သဘာဝပစ္စည်းလေးတွေကို သုံးပေးပါ။
သင်္ဘောသီးနဲ့ ပျားရည်
သင်္ဘောသီး မှည့်မှည့်လေးကို ကြိတ်ခြေလိုက်ပါ။ ပြီးရင် ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဝက်စာထည့်ပြီး သမအောင် မွှေပါ။ ရလာတဲ့အရောကို သန့်စင်ထားတဲ့ မျက်နှာပေါ် လိမ်းပေးပြီး ၁၅ မိနစ်လောက် ထားပါ။ ပြီးရင် ရေဆေးချလိုက်ပါ။
ကော်ဖီမှုန့်၊ သကြားနဲ့ သံလွင်ဆီ
ကော်ဖီ အကြမ်းမှုန့်တစ်ခွက်စာထဲကို သံလွင်ဆီ အနည်းငယ်ထည့်ပြီး သမအောင် မွှေပါ။ ရလာတဲ့ အရောကို မျက်နှာပေါ်မှာ စက်ဝိုင်းပုံစံ ခပ်ဖွဖွလေးပွတ်ပြီး လိမ်းပေးရုံပါ။ ပြီးရင် သုံးနေကျ မျက်နှာသစ်ဆေးလေးနဲ့ သန့်စင်လိုက်ရုံပါ။
ပျားရည်၊ သံပုရာသီးနဲ့ သကြား
သံပုရာသီးကို အရည်ညှစ်ပြီး ပျားရည်နည်းနည်းထည့်ပါ။ ပြီးရင် သကြားထည့်ပြီး ရောမွှေလို့ စက်ဝိုင်းပုံစံ ပွတ်ပေးပါ။ ပြီးရင်တော့ ပုံမှန်အတိုင်း သန့်စင်ပေးပါ။ ဒီလို ဆဲလ်သေတွေ ဖယ်ရှားပြီးတဲ့အခါ အစိုဓာတ်ထိန်းခရင်မ် တစ်ခုခု ပြန်လိမ်းဖို့ မမေ့ပါနဲ့။
(ယခုဆောင်းပါးကို hellosayarwon ဝက်ဘ်ဆိုက်မှကူးယူဖော်ပြပါသည်။)
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Phyo Wai Lynn
















