ကာကွယ်ဆေးအချက်အလက်များကို ဟက်ကာများခိုးယူရန် ကြိုးစားခဲ့ကြောင်း Pfizer ပြောကြား

ကာကွယ်ဆေးအချက်အလက်များကို ဟက်ကာများခိုးယူရန် ကြိုးစားခဲ့ကြောင်း Pfizer ပြောကြား

လန်ဒန် ဒီဇင်ဘာ ၁၀ - ဥရောပရှိ ကျန်းမာရေးအာဏာပိုင်များ စစ်ဆေးမှုပြုလုပ်နိုင်ရန်အတွက် ပေးပို့ထားသော COVID-19 ကာကွယ်ဆေးဆိုင်ရာ အချက်အလက်များကို ဟက်ကာများ၏ ခိုးယူရန်ကြိုးစားမှုနှင့် ကြုံတွေ့ခဲ့ရကြောင်း အမေရိကန် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Pfizer-BioNTech က ပြောကြားခဲ့ကြောင်း အေပီသတင်းဌာန၏ ဒီဇင်ဘာ ၁၀ ရက် ဖော်ပြချက်အရ သိရသည်။

ဥရောပသမဂ္ဂအတွက် ကာကွယ်ဆေး အချက်အလက်များကို ရယူထိန်းသိမ်းပေးထားသော ဥရောပဆေးဝါးဆိုင်ရာအေဂျင်စီ(EMA) က ကာကွယ်ဆေးနှင့်ပတ်သက်ပြီး ဆိုက်ဘာတိုက်ခိုက်မှုများ ကြုံတွေ့ခဲ့ရကြောင်း ထုတ်ပြန်ခဲ့သည်။ သို့သော် မည်သည့်အချိန်တွင် မည်သည့်လမ်းကြောင်းမှ ဝင်ရောက်သည်ကို အသေးစိတ်ထုတ်ပြန်ခြင်း မရှိပေ။

ထို့ပြင် ယခုဆိုက်ဘာတိုက်ခိုက်မှုနှင့် အချက်အလက်များကြိုးစားမှုသည် အောင်မြင်ခြင်းမရှိကြောင်းနှင့် ဥရောပဆေးကောင်စီ၏ လုပ်ငန်းစဉ်များကို မည်ကဲ့သို့မျှ အကျိုးသက်ရောက်မှုမရှိနိုင်ကြောင်း EMA က ပြောကြားခဲ့သည်။ ယခုဆိုက်ဘာတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းမှ ဖြစ်သည်ကိုလည်း တရားဝင်သိရှိရခြင်း မရှိသေးပေ။

ဟက်ကာများ ခိုးယူရန်ကြိုးစားခဲ့သော ကာကွယ်ဆေးဆိုင်ရာ အချက်အလက်များသည် COVID-19 ကာကွယ်ဆေး တိုးတက်ထုတ်လုပ်ရန် ကြိုးစားနေသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် လွန်စွာမှပင် အဖိုးတန်သည့် အရာများဖြစ်ပြီး အောင်မြင်စွာခိုးယူနိုင်ခဲ့ပါက ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးမှုတစ်ရပ် ဖြစ်ပေါ်နိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များက သုံးသပ်ခဲ့ကြသည်။