ဝါရှင်တန် ဒီဇင်ဘာ ၁၀ - လက်ရှိအချိန်၌ ၎င်းသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပစ်မှတ်ထားခြင်းကို ခံနေရပြီး ၎င်းနှင့်ပတ်သက်သော အခွန်ငွေလမ်းကြောင်းများအပေါ် အမေရိကန် အစိုးရရှေ့နေများက ပစ်မှတ်ထား စုံစမ်းနေသည်ဟု ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်၏သားဖြစ်သူ ဟန်တာဘိုင်ဒင်က ပြောဆိုခဲ့ကြောင်း ရိုက်တာသတင်းဌာန၏ ဒီဇင်ဘာ ၁၀ ရက် ဖော်ပြချက်အရ သိရသည်။
‘‘ဒီကိစ္စကို ကျွန်တော် တော်တော်လေး ဂရုစိုက်နေရရတယ်။ ဒါပေမဲ့ ဒီကိစ္စတွေကို သုံးသပ်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပြီး တရားဝင်ဖြစ်ကြောင်းကို ဥပဒေအကြံပေးတွေရဲ့ အားထုတ်မှုနဲ့အတူ တရားဥပဒေကြောင်းအရ ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်’’ ဟု ဟန်တာဘိုင်ဒင်က ပြောကြားခဲ့ကြောင်း ရိုက်တာက ထုတ်ပြန်သည်။
၎င်း၏ အခွန်ငွေလမ်းကြောင်းများနှင့် ပတ်သက်ပြီး အစိုးရရှေ့နေများ စုံစမ်းနေမှုကို လွန်ခဲ့သည့် ဒီဇင်ဘာ ၈ ရက်တွင်မှ သိရကြောင်းလည်း ဟန်တာဘိုင်ဒင်က ပြောကြားခဲ့သည်။
အစိုးရရှေ့နေများသည် ဟန်တာဘိုင်ဒင်အနေဖြင့် အခြားပြည်ပတိုင်းပြည်များ၌ ငွေကြေးခဝါချမှုများ လုပ်ဆောင်ခြင်းရှိမရှိ၊ အခွန်ဥပဒေအား ချိုးဖောက်ခြင်းရှိမရှိ၊ အဓိကအားဖြင့် တရုတ်နိုင်ငံနှင့်အတူ စီးပွားရေးလုပ်ငန်းများ ဆက်စပ်မှုရှိမရှိ စသောအချက်များကို ပစ်မှတ်ထား စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
ယခုသတင်းနှင့်ပတ်သက်ပြီး အမေရိကန်ရှေ့နေချုပ်ရုံးသို့ ရိုက်တာသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ကြောင်း သိရသည်။

















