မြောက်ကိုရီးယားအနေဖြင့် ညှိနှိုင်းမှုများ ပြန်လည်ပြုလုပ်ရန် အမေရိကန် တိုက်တွန်း

မြောက်ကိုရီးယားအနေဖြင့် ညှိနှိုင်းမှုများ ပြန်လည်ပြုလုပ်ရန် အမေရိကန် တိုက်တွန်း

ပြုံယမ်း ဒီဇင်ဘာ ၁၀ - မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်အနေဖြင့် ညှိနှိုင်းတိုင်ပင်ဆွေးနွေးမှုများ ပြန်လည်ပြုလုပ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ အထူးသံတမန်ဖြစ်သူ စတီဖင်ဘီဂန်က ပြောကြားခဲ့ကြောင်း အေပီသတင်းဌာနက ဒီဇင်ဘာ ၁၀ ရက်တွင် ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့သည် ၂၀၁၈ ခုနှစ် ဇွန်လတွင် ပထမဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ကြပြီးနောက် ၂၀၁၉ ခုနှစ်တွင် ထရမ့်သည် ကိုရီးယားနှစ်နိုင်ငံအကြားရှိ စစ်မဲ့ဇုန်သို့သွားရောက်ကာ ကင်ဂျုံအန်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ သို့သော် ယင်းကဲ့သို့ ဆုံတွေ့မှုများရှိသော်လည်း ထိရောက်သည့် အကျိုးဖြစ်ထွန်းမှုများ မရှိခြင်းကြောင့် မြောက်ကိုရီးယားအနေဖြင့် အမေရိကန်နှင့် ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်သင့်ကြောင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး တာဝန်ကိုပါ ပူးတွဲထမ်းဆောင်နေရသည့် စတီဖင်ဘီဂန်က ပြောကြားခဲ့သည်။

‘‘လွန်ခဲ့တဲ့ နှစ်နှစ်တာကာလအတွင်းမှာ အောင်မြင်မှုရှိအောင် မစွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ကျွန်တော့်အပေါ် စိတ်ပျက်နေနိုင်ပါတယ်’’ ဟု ဘီဂန်က ပြောကြားခဲ့သည်။ ထရမ့်အစိုးရအနေဖြင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် မျက်နှာချင်းဆိုင်ဆွေးနွေးရန် ဆုံးဖြတ်ပြီးဖြစ်သော်လည်း လက်ရှိ မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်ပိုင်ဆိုင်မှုများကြောင့် ဇန်နဝါရီ ၂၀ တွင် အာဏာလွှဲပြောင်းရယူမည့် သမ္မတသစ် ဂျိုးဘိုင်ဒင်၏ နိုင်ငံခြားရေးမူဝါဒများနှင့် ကြီးမားစွာကွဲလွဲနေသည်။ ကိုရီးယားကျွန်းစွယ်တွင် နျူကလီးယားလက်နက် လျှော့ချရေးလုပ်ငန်းစဉ်များကို အားစိုက်လုပ်ဆောင်သွားမည်ဟု ၂၀၁၈ ခုနှစ်တွင် ကတိပေးထားခဲ့သော ကင်ဂျုံအန်သည် နောက်ပိုင်းတွင် နျူလက်နက်စမ်းသပ်မှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။

ကင်ဂျုံအန်သည် အောက်တိုဘာလက ပြုလုပ်ခဲ့သော စစ်ရေးပြအခမ်းအနားတွင် နောက်ဆုံးထုတ်လုပ်ထားသည့် နျူကလီးယားထိပ်ဖူးတပ် တိုက်ချင်းပစ်ဒုံးလက်နက်အသစ်များကို ချပြခဲ့သည်။