ဝါရှင်တန် ဒီဇင်ဘာ ၁၀ - အမေရိကန် စွန့်ဦးတီထွင်သူ အီလွန်မက်စ်၏ Space X ကုမ္ပဏီမှ တီထွင်ထားသော အာကာသယာဉ်တစ်စင်းအား စမ်းသပ်ရာတွင် မြေပြင်သို့ အောင်မြင်စွာ မဆင်းသက်နိုင်ခဲ့ခြင်းကြောင့် ပေါက်ကွဲခဲ့ကြောင်း အေပီသတင်းဌာန၏ ဒီဇင်ဘာ ၁၀ ရက် ဖော်ပြချက်အရ သိရသည်။
SN8 ဟု အမည်ပေးထားသော လူလိုက်ပါခြင်းမရှိသည့် ဒုံးပျံယာဉ်ကို အမေရိကန်နိုင်ငံ တက္ကဆပ်ပြည်နယ်၌ စမ်းသပ်မှုပြုလုပ်ခဲ့ရာ အဆိုပါယာဉ်မှာ အမြင့်ပေပေါင်း ၄၁၀၀၀၀ အထိပျံတက်ခဲ့ပြီး မြေပြင်ရှိ အခြေစိုက်စခန်းသို့ ပြန်လည်ဆင်းသက်လာချိန်တွင် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် ယခုအတိုင်းအတာအထိ အောင်မြင်မှုရရှိခဲ့ခြင်းအတွက် အီလွန်မက်စ်မှာ ဝမ်းမြောက်နေကြောင်း သိရသည်။ အာကာသယာဉ်အား မစမ်းသပ်မီတွင် ယာဉ်ပျံစမ်းသပ်ချိန်၌ ထိခိုက်မှုများရှိနိုင်ကြောင်း အီလွန်မက်စ်က သတိပေးထားခဲ့ခြင်းကြောင့် လူအများ စိတ်ဝင်စားမှု လျော့ကျခဲ့သည်။ သို့သော် ယခုအတိုင်းအတာအထိ အောင်မြင်မှုမှာ ၎င်းကုမ္ပဏီအတွက် အနာဂတ်တစ်ခုဖြစ်ကြောင်း အီလွန်မက်စ်က ပြောကြားခဲ့သည်။
ကမ္ဘာ့ဒုတိယ အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်စ်သည် ကမ္ဘာမြေပေါ် ရှိ လူအများကို အာကာသထဲရှိ ကမ္ဘာပတ်လမ်းကြောင်းပေါ်သို့ ပို့ဆောင်ရန် ကြိုးစားနေသူဖြစ်ပြီး လကမ္ဘာသို့သွားရောက်နိုင်သည့် အာကာသယာဉ်များကိုလည်း မျှော်လင့်ချက်ကြီးမားစွာဖြင့် တီထွင်ဖန်တီး ကြိုးစားနေသူဖြစ်သည်။ ယခုစမ်းသပ်မှုတွင် ရာနှုန်းပြည့်မအောင်မြင်ခဲ့သော်လည်း ၎င်း၏အဖွဲ့သားများကို အီလွန်မက်စ်က ချီးမွမ်းခဲ့သည်။
‘‘အချက်အလက်တွေအားလုံး ကျွန်တော်တို့ လိုအပ်ပါတယ်။ လမင်းကြီးရေ ငါတို့လာခဲ့မယ်ကွ’’ ဟု အီလွန်မက်စ်က တွစ်တာမှတစ်ဆင့် ရေးသားခဲ့သည်။

















