လူ့အခွင့်အရေးကို အလေးမထားမျက်ကွယ်ပြုခြင်းသည် ဒီမိုကရေစီရေးနှင့်တရားဥပဒေစိုးမိုးရေးကို လျစ်လျူရှုခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က(၇၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအတွင်းပြောဆိုထားသည်။
လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့်တရားဥပဒေစိုးမိုးရေးတို့သည် အပြန်အလှန်ချိတ်ဆက်လျက်ရှိသည့်အပြင် နိုင်ငံတော်ကတည်ဆောက်နေသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့်လည်းဆက်စပ်မှုရှိကြောင်း ပြောဆိုထားသည်။လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် တရားဥပဒေစိုးမိုးရေးတို့သည် တစ်ခုနှင့်တစ်ခုအပြန်အလှန်ချိတ်ဆက်လျက်ရှိရာ ၎င်းတို့အနက် အခွင့်အရေးတစ်ခုခုချိုးဖောက်ခြင်းခံရပါက ကျန်ရှိသည့်အခွင့်အရေးနှစ်ခုသည်လည်း ချိုးဖောက်ခံရခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောဆိုထားသည်။ ထို့အတွက်ကြောင့်ပင် လူ့အခွင့်အရေးအား အလေးမထား မျက်ကွယ်ပြုခြင်းသည် ဒီမိုကရေစီရေးနှင့် တရားဥပဒေစိုးမိုးရေးကို လျစ်လျူရှုခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
လူ့အခွင့်အရေးအသိပညာများအား ပြည်သူလူထုအတွင်း ပြန့်ပွားရေးသည် အလွန်အရေးကြီးသည့်အတွက် လူ့အခွင့်အရေးကို မြှင့်တင်ကာကွယ်ခြင်းဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီရေးတို့ကိုပါ ကျွဲကူးရေပါဆိုသကဲ့သို့ ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း ပြောဆိုထားသည်။ မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးမြှင့်တင်ကာကွယ်ရေးအတွက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့အသီးသီးတို့နှင့် ပူးပေါင်းလျက်လူ့အခွင့်အရေးအခြေအနေများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဆိုသည်။
ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် လူ့အခွင့်အရေးကိုလေးစားလိုက်နာသည့် လူ့အသိုက်အဝန်းတစ်ရပ် ဖြစ်ထွန်းလာစေရေးအတွက် သက်ဆိုင်ရာပြည်တွင်း၊ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။လက်ရှိအချိန်တွင် COVID-19 ကပ်ရောဂါကြောင့် လူသားတို့၏ အသက်ရှင်ရပ်တည်နိုင်ရေး၊ လူသားထုတစ်ရပ်လုံး၏ စားဝတ်နေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့အပေါ် ကြီးမားသောသက်ရောက်မှုများဖြစ်ပေါ်လျက်ရှိကာ မြန်မာနိုင်ငံအနေဖြင့်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင် နိုင်ငံတကာအသိုက်အဝန်းနှင့်ထိတွေ့ချိတ်ဆက်၍ ကပ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိကြောင်းလည်း ပြောဆိုထားသည်။ ထို့ပြင် နိုင်ငံသားများ၏ လူ့အခွင့်အရေးအခြေအနေပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများ၊ ပြည်သူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့်တက်ကြွစွာပူးပေါင်းဆောင်ရွက်ကြရန်အတွက် နိုင်ငံတော်သမ္မတက သဝဏ်လွှာအတွင်းတိုက်တွန်းပြောဆိုထားသည်။
















